(နာမ်)

ဗျည်း (၃၃)လုံးတွင် (၆)လုံးမြောက် အက္ခရာ။ စလုံးဟုခေါ်သည်။


စ-လုံး

ဗျည်းတို့၏ဆဋ္ဌမမြောက် အက္ခရာ ဖြစ်သည်။ ဖဖိုမအက္ခရာအားဖြင့် အဖိုအက္ခရာ စ-လုံးဟုခေါ်သည်။ ဝဂ်-အစီအစဉ်အရ စ-ဝဂ်၏ ပထမအက္ခရာ ဖြစ်သည်။ ပြင်းပြင်း မရွတ်ဖတ်ရသော အဃောသအက္ခရာ ဖြစ်၍ အသံ၏ဖြစ်ပေါ်ရာ ဌာန-ဌာန်အားဖြင့် အာစောက် အရပ်မှဖြစ်သော တာလု-ဌာန် ဖြစ်သည်။ နှုတ်ခမ်းထိ၍ ရွတ်ဖတ်ရသော ဖုဋ္ဌပယတ်လည်း ဖြစ်သည်။ ဖြစ်​ခြင်းအကြောင်းကရိုဏ်း အားဖြင့် လျှာလယ်အရပ်မှ ဖြစ်သော ဇိဝှါမဇ္ဈကရိုဏ်း ဖြစ်သည်။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)


(ကြိ)

အဦးပြုသည်။ ပထမနေရာတွင် တည်ရှိသည်။ "ထိုစောင်းသမားသည် ရိက္ခါတို့ကို ယူ၍ ရွာတံခါးမှ စ၍ စုံစမ်းလျက်။" ငါး၊ ၃၆ဝ။ ၄၉။


(နာမ်)

အဦး။ အစ။ "အန္တရာယ်တွေကို သေချာကျနစွာ စ လယ် ဆုံး ပေါင်းရုံးစစ်ဆေး ထောက်တွေး ကြည့်ရှု သတိပြုကြ။" ဟံ၊ ၁။ ၈၆။


ရှေးဦးပြုသည်။


ကျီစားသည်။ နောက်သည်။ ပြောင်သည်။



(၁)အမေးကို ပြသောစကားလုံး။ "ဟုတ်ပါလေစ။"

(၂)ကြိယာ၏အဓိပ္ပါယ်ကို လေးနက်အောင်၊ ပြေပြစ်အောင် ထောက်ပံ့သော စကားလုံး။ "မမြင်စဖူး။ ရှက်စနိုး"


စက


အလယ်အလတ်ဖြစ်ခြင်း။


စကထာ


စကားထာ=စကား၏အနက် (ဝေါနီ)။ ။စကား၏အရာ။ (ပေါဏ)


စကာ


ဆန်ခါ-ရှု။


စကာ


...ရုံ၊ ...ရုံမျှ။ (ပေါဏ)


စကား


(၁)အနက်အဓိပ္ပါယ်ရှိသော နှုတ်မြွက်သံ။ ပြောဆိုချက်။

(၂)ဆိုရိုးစကား။

(၃)ဘာသာစကား။


စကားကြီး(၁ဝ)ခွန်း


(၁)ရေကူးညာတင် - လိုသည်ထက် ပို၍ ပြောသော စကား။

(၂)ကောက်ပင်ရိတ်လှီး - တစ်ခွန်းတည်းနှင့်အပိုင်ပြောသည့် စကား။

(၃)ရေစီးဖောင်ဆန် - စကား ပြောရာ၌ လက်ဝင် ပင်ပန်းသော စကား။

(၄)အိုးတန်ဆန်ခပ် - တစ်ဖက်လူနှင့်တန်သလောက် ပြောသော စကား။

(၅)ဆီပွတ်ကျည်ပွေ့ - တဖြည်းဖြည်း ကိုယ့်ဖက် ပါအောင် ပတ်ချွဲ နပ်ချွဲ ပြောသော စကား။

(၆)ဆင်ဝှေ့ ရန်ရှောင် - ထမင်းရေပူလာ လျှာလွှဲ တာဝန်ရှောင်သော စကား။

(၇)တောင်သူ ယာခုတ် - အခြေခံကို ပထမပြော၍ လိုရာကို နောက်မှ ပြောသော စကား။

(၈)ကြက်ဆုတ် ခွပ်ပစ် - မိမိ အသာစီး ရသည့်အခါ အပိုင်ပြောသောနည်း။

(၉)ရေစစ်ကရား - စကားအကုန် ပြောနည်း။

(၁​ဝ)ခက်တင်မောင်းနင်း - မတင်မကျ စကား။


စကားကောင်း


စကားကို လက်စ မသတ်နိုင်ဘဲ စိတ်ဝင်စားစွာ ပြောသည်။


စကားကုန်


နောက်ထပ် ပြောစရာ မကျန်၊ အပြီးအပြတ်။


စကားကောင်း (၄)မျိုး


(၁)သုဘာသိတ - ကောင်းသောစကား။

(၂)ဓမ္မ - တရားသောစကား။

(၃)ပိယ - ချစ်ဖွယ်သောစကား။

(၄)သစ္စ - မှန်ကန်သောစကား။ (သဂါထာဝဂ္ဂ ဝင်္ဂီသသံယုတ် သုဘာသိတသုတ်)


စကားကျ


သက်ရောက်သောအဓိပ္ပါယ်။


စကားချပ်


စကားတစ်ရပ် မပြီးဆုံးမီ အခြားစကားကို သွင်း၍ ရေးခြင်း။ သူတစ်ပါး၏စကား အကြား၌ မိမိစကားကို သွင်းညှပ်၍ ပြောဆိုခြင်း။ (ပေါဏ)


စကားခြောက်ခွန်း


(၁) မဟုတ် မမှန်၍ အကျိုးမရှိသည့်ပြင် လူသားအပေါင်းတို့လည်း မချစ်မနှစ်သက်အပ်သော စကား။

(၂) ဟုတ်၏မှန်၏ သို့ရာတွင် အကျိုးမရှိ၊ လူသားတို့လည်း မချစ်မနှစ်သက်အပ်သော စကား။

(၃) ဟုတ်၏မှန်၏ အကျိုးလည်း ရှိ၏၊ သို့ရာတွင် လူသားအပေါင်းတို့က မချစ်မနှစ်သက်အပ်သော စကား။

(၄) မဟုတ်မမှန် အကျိုးလည်း မရှိ၊ သို့ရာတွင် လူသားအပေါင်းတို့က နှစ်သက်မြတ်နိုးသော စကား။

(၅) ဟုတ်၏မှန်၏၊ အကျိုးမရှိ၊ သို့ရာတွင် လူသားအပေါင်းတို့ကက နှစ်သက်မြတ်နိုးသော စကား။

(၆) ဟုတ်မှန်၍ အကျိုးရှိသည့် လူသားအပေါင်းတို့ကလည်း နှစ်သက် မြတ်နိုးသော စကား။

သူတော်ကောင်းတို့သည် အမှတ်စဉ်(၃)နှင့်(၆)တို့ကိုသာ ပြောဆို၏။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)


စကားပြောကြေးနန်း စထွင်ခဲ့သူ


ဗြိတိသျှလူမျိုး ဓာတုဗေဒဆရာ ဂျွန်ရက်(စ်)ဝှင်းဖီး(လ်)။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)


စကားဖ၊ စကားဖာ


သူတစ်ပါး၏စကားအစဉ်ကို ပြတ်အောင် ချပ်၍ (ညှပ်၍) ပြောဆိုခြင်း။ (ပေါဏ)


စကားအရာ အင်္ဂါ(၄)တန်


(၁) သုဘာသိတဝါစာ - ကောင်းစွာ ပြောဆိုခြင်း။

(၂) ပီယဝါစာ - ချစ်နှစ်သက်ဖွယ်ရာ ပြောဆိုခြင်း။

(၃) ဓမ္မဝါစာ - တရားနှင့်အညီ ပြောဆိုခြင်း။

(၄) သစ္စဝါစာ - ဟုတ်မှန်ရာ ပြောဆိုခြင်း။ (ဗဟုသုတ ပုလဲပန်းကုံး)


စကောရငှက်


ခါနီတစ်မျိုး။ စွေစွေစက်စက်ဟု မြည်တတ်သည့် ငှက်တစ်မျိုး(ဓာန်-ဋီ-သျှ) (ပေါဏ)


စကျော


စင်းချော=အပြောက်မင်ကာ မယှိသော။ (ပေါဏ)


စချီ


စာချီ=အောက်တန်းစာရေး။ [စမာလည်း-ရှု] (ပေါဏ)


စဆွံ


ဘုရားဦးစရပ် "စဆွံစရပ်၊ ရွှေပြားကပ်၊ တင့်အပ်နေဘွယ်သာ" (ကဝိ) (ပေါဏ)


စတိ


ခေါင်းပိတ်=နားပင်းပိတ်။ ပကတိအတိုင်း။ ယာယီ။ (ပေါဏ)


စပါးစျေးအကျပ်အတည်း (၁၉၃ဝ/၄)


၁၉၂၉ ခုနှစ်၊ ကမ္ဘာ့စီးပွား​ပျက်ကပ်သည် မြန်မာနိုင်ငံသို့လည်း ဂယက်ရိုက်ခတ်၏။ တကမ္ဘာလုံး အရင်းရှင်စီးပွားရေး စနစ်သည် ကုန်ပိုလျှံမှု အကျပ်အတည်းနှင့် ကြုံတွေ့ကာ ဖရိုဖရဲ ဖြစ်ကုန်၏။ ဗြိတိသျှ အရင်းရှင်စနစ်၏ အဆွယ်အပွား ဖြစ်သော မြန်မာစီးပွားရေးသည်လည်း ဖရိုဖရဲ ဖြစ်ရပေသည်။ မြန်မာ့စီးပွားရေး၏ အခြေခံ ဖြစ်သော ဆန်စပါး ကုန် ပစ္စည်း၏ စျေးသည် တဟုန်ထိုး ထိုးကျသွားသည်။ ၁၉၂၄ ခုနှစ်၌ စပါးတင်း ၁ဝဝ လျှင် ၁၉၄ ကျပ် တန်ဖိုး ရှိခဲ့ရာမှ ၁၉၂၈ ခုနှစ်တွင် ၁၆၉ ကျပ်၊ ၁၉၂၉ ခုနှစ်တွင် ၁၅၉ ကျပ် စသည်ဖြင့် ကျဆင်းလာရာ ၁၉၃ဝ ခုနှစ်တွင် ၁၃၈ ကျပ်အထိ ကျဆင်းသွားသည်။ လယ်သမားများအဖို့ သာမန်​စပါးစျေး ကျဆင်းမှု အပေါ် ထပ်လောင်း၍ အကျပ်အတည်း ဖြစ်စေ သော အကြောင်းမှာ စပါးစျေးကျသကဲ့သို့ လယ်ငှားခ၊ လုပ်ခများ မကျခြင်းပင် ဖြစ်သည်။ လယ်ငှားခမှာ ကျစျေးနှင့် ပင် စပါးပေးရ၏။ လယ်ငှားခနှင့်ချေးငှားထားသော ငွေများကို ပြန်ဆပ်ပြီးသောအခါတွင် လယ်သမား၌ ဝမ်းစာပင် မကျန်တော့ချေ။ ထို့ကြောင့် ၁၉၂၉ ခုနှစ်မှ ၁၉၃၄ ခုနှစ်အတွင်း လယ်ဧက နှစ်သန်းကျော်သည် ချစ်တီးများ လက်တွင်း သို့ ရောက်ရှိသွားတော့သည်။ (နှစ် ၂ဝဝ မြန်မာနိုင်ငံသမိုင်းအဘိဓာန်-ဦးစိန်မြင့်)


စတီးဘရားသား ကုမ္ပဏီ (၁၈၇ဝ)


မြန်မာပြည် ဆန်စပါးရောင်းဝယ်ရေးကို အကြီးအကျယ် လုပ်သော စတီးဘရားသား ကုမ္ပဏီကို အင်္ဂလိပ်လူမျိုး မစ္စတာစတီးက ၁၈၇​​ဝ ပြည့်နှစ်တွင် တည်ထောင်သည်။ ထိုကုမ္ပဏီ၏ဌာနချုပ်မှာ အင်္ဂလန်တွင် ရှိသည်။ (ကိုလိုနီ​ ခေတ် မြန်မာသမိုင်းအဘိဓာန် - မြဟန်)


 စတု


လေးခုအရေအတွက်။ "ဉာဏ်ဝါဆီမီး၊ မညှိသီးသော်၊ မိုက်ကြီးစတု၊ အင်လေးခုထက်၊ နှိုင်းတုကင်းအောင်၊ လွန်ကျူးဆောင်သား။" ကိုး ၁၈။ [ပါ၊ စတု။] (ပါဠိသက်ဝေါဟာရ- ဒဂုန်ဦးထွန်းမြင့်)


 စတုဂံ


အနားလေးဖက် ထောင့်လေးထောင့် ရှိသော မျက်နှာပြင်ပုံ။ "စတုဂံတခု၏မျက်နှာပြင် အကျယ်အဝန်းကို တိုင်းတာရာ၌ ...အလျား အနံကိုသာ တိုင်းတာကြသည်။" သင်္ချာ၊ ပ ၉၈။ [ပါ၊ စတုက္ကောဏ။ စတု-ကောဏ၊ စတု-လေး၊ ကောဏ-ထောင့်။] (​ပါဠိသက်ဝေါဟာရ-ဒဂုန်ဦးထွန်းမြင့်)


စတုစက်


၁၊ တင့်အပ်လျောက်ပတ်သော အရပ်၌ နေရခြင်း၊

၂၊ ရှေးက ပြုခဲ့သော ကောင်းမှုရှိခြင်း၊

၃၊ မိမိကိုယ်စိတ်ကို ကောင်းစွာ ဆောက်တည်ရခြင်း၊

၄၊ ပညာရှိ သူတော်ကောင်းကို အမှီပြုရခြင်း ဟူသော ပြည့်စုံခြင်း လေးပါး။

"မြို့နန်း၊ ထီး၊ ပဟိုရ်စည်၊ နာရီ၊ ထိုလေးပါးတို့သည် စတုစက် ထွန်းရာ မင်္ဂလာချည်း ဖြစ်၍ အဟောင်းအနွမ်းဟူသမျှ ကို ရှေးမင်းတို့ သုံးဆောင်ဘူးသည် မရှိ။" ဓည ၈၇။ "စတုစက်လျှင်၊ လေးချက်အကြောင်း၊ အသစ်လောင်းလျက်၊ ​တတေ္ထဝ သမ္ပတ္တိယံ။" ပေါဋီ ၃ဝ၉။ [ပါ၊ စတုစက္က။ စတု-လေး၊ စက္က-စက်။] (ပါဠိသက်ဝေါဟာ-ဒဂုန်ဦးထွန်းမြင့်)


စတုဇရုပ်


ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်းလေးပါးကြောင့် ဖြစ်သော ရုပ်ခန္ဓာ။

"ဥပါဒိန္နက စတုဇရုပ်သာ ဖြစ်သော မြတ်စွာဘုရား၏ ကိုယ်ခန္ဓာတော်သည် အဘယ်သို့သော အကြောင်းဖြင့် မျှတနိုင် သနည်း။" ဇိ ၄၂ဝ။ [ပါ၊ စတုဇရူပ၊ စတု-လေးပါးသော အကြောင်းကြောင့်၊ ဇ-ဖြစ်သော၊ ရူပ-ရုပ်။]


စတုမဓူ (၄)ပါး


(၁)သကာ (၂)ပျားရည် (၃)ထောပတ် (၄)အုန်းဆီ(နှမ်းဆီဟူ၍ မူကွဲရှိသည်။)


စတုမဟာရာဇ် နတ်မင်းကြီး(၄)ပါး


(၁) ဓတရဋ္ဌနတ်မင်း - မြင့်မိုရ်တောင်၏ အရှေ့မျက်နှာတွင် ဂန္ဓဗ္ဗနတ်တို့ကို အုပ်စိုး နေထိုင်သည်။

(၂) ဝိရုဠကနတ်မင်း - တောင်မျက်နှာအရပ်တွင် ကုမ္ဘန်ဟုခေါ်သော ဘီလူးတို့ကို အုပ်စိုး နေထိုင်သည်။

(၃) ဝိရူပက္ခနတ်မင်း - အနောက်မျက်နှာတွင် နဂါးတို့ကို အုပ်စိုး နေထိုင်သည်။

(၄) ကုဝေရနတ်မင်း (သို့မဟုတ်) ဝေ ဿဝဏ်နတ်မင်း - မြောက်မျက်နှာအရပ်၌ နတ်ဘီလူးတို့ကို အုပ်စိုး နေထိုင်သည်။ (ဗဟုသုတ ပုလဲပန်းကုံး)


စတုဝေါကာရ နာမ်ခန္ဓာ(၄)ပါးရှိသော အရူပဘုံ(၄)ပါး


(၁)အာကာသာနဉ္စာယတနဘုံ - အသက်တမ်းအားဖြင့် ကမ္ဘာနှစ်သောင်း ရှည်၏။

(၂)ဝိညာဏဉ္စာယတနဘုံ - အသက်တမ်းအားဖြင့် ကမ္ဘာလေးသောင်း ရှည်၏။

(၃)အာကိဉ္စညာယတနဘုံ - အသက်တမ်းအားဖြင့် ကမ္ဘာခြောက်သောင်း ရှည်၏။

(၄)နေဝသညာနာသညာယတနဘုံ - အသက်တမ်းအားဖြင့် ကမ္ဘာရှစ်သောင်း လေးထောင် ရှည်၏။ (သင်္ဂြိုဟ်)


စတိုင်ထုတ်သည် (ဟန်ခင်းသည်၊ ကြွားဝင့်သော အမူအရာ ပြုသည်)


ထိုစကားမှာ အင်္ဂလိပ်စကား စတိုင်(Style)ပင် ဖြစ်၍ ဟန်ပန်၊ အသွင်ဟန် စသော အနက် ရှိသည်။ ထိုစကားကို စွဲ၍ ပကတိ အမူအရာထက် ပို၍ ကြွားဝင့်သော အမူအရာပြုသူကို စတိုင်ထုတ်သည်၊ စတိုင်ထွားသည်ဟု သုံးနှုန်း၍ အမူ အရာ တင့်တယ်သူကိုမူ စတိုင်ဖြောင့်သည်ဟု သုံးနှုန်းကြသည်။ (မြန်မာဘန်းစကား-လှသမိန်)


စတုတ္ထသမီးတော် ကွယ်လွန်ခြင်း (၁၉၃၆)


သီပေါမင်းနှင့်စုဖုရားလတ်တို့၏ စတုတ္ထသမီးတော် ကွယ်လွန်ခြင်း ဖြစ်သည်။ စတုတ္ထသမီးတော်သည် ၁၉၃၆ ခုနှစ်၊ မတ်လတွင် မော်လမြိုင်မြို့၌ ကွယ်လွန်သည်။ စတုတ္ထသမီးတော်၏ ဈာပနအတွက် အိန္ဒိယပြည်၊ ကလင်ပုံမြို့မှ လတ် သခင်နှင့်ဒုတိယသမီးတော်တို့က ငွေ ၅ဝဝ ကျပ် ​ပို့ပေးသည်။ သမီးတော်၏ ဈာပနကို ရန်ကုန်၌ ကျင်းပရန် ဆွေတော် မျိုးတော်များက ခွင့်တောင်းသော်လည်း အင်္ဂလိပ် အစိုးရက ခွင့်မပြုခဲ့ပေ။ ငွေ ၅ဝဝ ကျပ် ကူညီခဲ့သည်မှာ သမီးတော် ၏ဈာပနကို ရန်ကုန်၌ သင်္ဂြိုဟ်ရန်အတွက် ပေးခြင်း ဖြစ်၍ ရန်ကုန်၌ သင်္ဂြိုဟ်ခွင့် မရသောအခါ ထိုစဉ်က လိုအပ်နေ သော ဦးဇော်ဝိတ် အိုလံပစ် အားကစားပွဲ သွားစရိတ် ရန်ပုံငွေအဖြစ် လွှဲပြောင်းပေးလှူခဲ့သည်။ (ကိုလိုနီခေတ် မြန်မာ သမိုင်းအဘိဓာန် - မြဟန်)


စရဏတရား (၁၅)ပါး


(၁)သီလသံဝရ - သီလကို လုံခြုံစွာ စောင့်ရှောက် ထိန်းသိမ်းခြင်း။

(၂)ဣန္ဒြိယသံဝရ - မျက်စိစသော ဣန္ဒြေ ၆-ပါးကို လုံခြုံစွာ စောင့်ရှောက် ထိန်းသိမ်းခြင်း။

(၃)ဘောဇနေ မတ္တညုတာ - စားသောက်ရာ၌ အတိုင်းအရှည်ကို သိခြင်း။

(၄)ဇာဂရိယာနုယောဂတာ - နိုးကြားခြင်းနှင့်ယှဉ်သော ဝီရိယ ရှိခြင်း။

(၅)သဒ္ဓါ - ရတနာသုံးပါးနှင့်တကွ ကံ-ကံ၏အကျိုးကို ယုံကြည်ခြင်း။

(၆)သတိ - ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်း။

(၇)ဟိရိ - မကောင်းမှု ပြုလုပ်ရန် ရှက်ခြင်း။

(၈)ဩတ္တပ္ပ - မကောင်းမှု ပြုလုပ်ရန် ကြောက်ခြင်း။

(၉)ဗာဟုသစ္စ - အကြားအမြင် များခြင်း။

(၁ဝ)ဝီရိယ - အားထုတ် လုံ့လပြုခြင်း။

(၁၁)ပညာ - ကောင်းစွာ သိမြင်ခြင်း။

(၁၂)ပထမဈာန် - ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ အင်္ဂါငါးပါး ရှိ၏။

(၁၃)ဒုတိယဈာန် - ပီတိ သုခ ဧကဂ္ဂတာ အင်္ဂါသုံးပါး ရှိ၏။

(၁၄)တတိယဈာန် - သုခ ဧကဂ္ဂတာ အင်္ဂါနှစ်ပါး ရှိ၏။

(၁၅)စတုတ္ထဈာန် - ဥပေက္ခာ ဧကဂ္ဂတာ အင်္ဂါနှစ်ပါး ရှိ၏။ (ဥပေက္ခာသည် တတြမဇ္ဈတ္တတာစေတသိက် ဖြစ်၏)


စရသုံးထွေ-သိအပ်ပေ-သန္ဓေပိုက်ဖြိုးသူ


ပဋိသန္ဓေတည်သော အမျိုးသမီးများ လိုက်နာရန် ဖြစ်သည်။

(၁)ခါးသောအစာ အာဟာရများကို မစားရ တိတက္က၊

(၂)ဖန်သော အစာအာဟာရကို ရှောင်ခြင်း ကသာဝ၊

(၃)ပူစပ်သော အစားအစာကို ရှောင်ခြင်း ကဋုက၊ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)


စရိုက်(၆)ပါး


(၁)ရာဂစရိုက် - ရာဂအားကြီး၍ ကာမဂုဏ်ကို မရှက်မကြောက် လိုက်စားသူ။

(၂)ဒေါသစရိုက် - အမျက်ဒေါသ အားကြီး၍ ဘာလုပ်မိမှန်း မသိသူ။

(၃)မောဟစရိုက် - တွေဝေ၍ ဘာကိုမှ မလုပ်တတ်သူ။

(၄)သဒ္ဓါစရိုက် - ယုံကြည်မှု လွန်ကဲ၍ အတ္တစွဲဖြစ်သူ။

(၅)ဗုဒ္ဓိစရိုက် - သူတစ်ပါး ပြောတိုင်း မယုံ၊ မိမိ၏အသိဉာဏ်ဖြင့် ဆင်ခြင်တတ်သူ။

(၆)ဝိတက္ကစရိုက် - အကြံအစည်များပြီး ခရီးမရောက်သူ။ (သင်္ဂြိုဟ်ကမ္မဋ္ဌာန်းပိုင်းမှလာ)


စလွယ်ဂုဏ်ရောင် ကျင့်ဝတ်ဆောင်


စလွယ်ဟူသည်မှာ ဘုရင်အစိုးရ စသည် ကြီးမြင့်သူတို့က ပေးအပ်ချီးမြှင့်သော ဂုဏ်ထူးဆောင် အထိမ်းအမှတ်ပင် ဖြစ်သည်။ စလွယ် သညည် ရွှေနှင့်ဖြစ်စေ၊ ငွေနှင့်ဖြစ်စေ၊ ချည်မျှင်နှင့်ဖြစ်စေ စီရင်ထားသော ကြိုးပင် ဖြစ်သည်။ စလွယ်ကြိုးကို လက်ဝဲပခုံးစွန်းမှ လက် ယာနံပါးသို့ သွယ်ချ၍ဖြစ်စေ၊ လက်ယာပခုံးစွန်းမှ လက်ဝဲနံပါးသို့ သွယ်ချ၍ဖြစ်စေ ဆင်မြန်းရသည်။ ရှေးအခါက ဘုရင် မင်းညီမင်း သား၊ မှူးမတ်ပုဏ္ဏား စသည်တို့သည် မိမိတို့ဂုဏ်အဆင့်အလျောက် စလွယ်ကို ဆင်မြန်းရသည်။ မြန်မာသက္ကရာဇ် (၁၁၄၆)ခုနှစ်၊ နယုန်လပြည့်ကျော် (၁)ရက်နေ့တွင် ဘိုးတော်ဘုရားသည် စလွယ်ကို ဆင်ယင်ခြင်းနှင့်စပ်လျဉ်းပြီး အမိန့်တော်တစ်စောင် ထုတ်ပြန် လေသည်။

သက္ကဋကျမ်းအလိုအရ စလွယ်ကို ဆင်မြန်းသော မင်း၊ မှူးမတ် စသည်တို့ လိုက်နာရန် ကျင့်ဝတ်(၁ဝ)ပါး ရှိသည်။ ၄င်းတို့မှာ အောက် ပါအတိုင်း ဖြစ်သည်။

(၁)ကိုယ်နှုတ်ငြိမ်သက်ခြင်း၊

(၂)ကိုယ်နှုတ်ဆုံးမခြင်း၊

(၃)ကိလေသာကို ခေါင်းပါးအောင် ခြိုးခြံခြင်း၊

(၄)စင်ကြယ်ခြင်း၊

(၅)ရောင့်ရဲခြင်း၊

(၆)သည်းခံခြင်း၊

(၇)သဘောဖြောင့်မတ်ခြင်း၊

(၈)ရတနာသုံးပါး၌ ဆည်းကပ်ခြင်း၊

(၉)သူတစ်ပါးကို သနားလေ့ရှိခြင်း၊

(၁ဝ)အမှန်အကန်ကို ပြောဆိုလေ့ ရှိခြင်း။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)


စမုခ်သုံးဆောင်


မြန်မာဇာတ်သဘင်များ၌ "တောင်စမုခ်က ထောင်ထုပ်ကို ထမ်း"ဟူသော လင်္ကာကို မကြာခဏ အသုံးပြုရွတ်ဆိုသည်။ စမုခ်ဆောင် ဟူသည်မှာ မျက်နှာထားဆောင်ဟူ၍ အဓိပ္ပါယ်ရသည်။ ရှေးမြန်မာဘုရင်များ နန်းတော်တွင်ရှိသည့် နန်းဆောင်တော်ပင် ဖြစ်သည်။ တောင်စမုခ်၊ မြောက်စမုခ်၊ မြေနန်းစမုခ်ဟူ၍ စမုခ်(၃)ဆောင်ရှိသည်ဟုဆိုသည်။ (အကျယ်ကို ရွှေဘုံနိဒါန်းတွင် ရှုပါ) (မြန်မာမှုအဘိ ဓာန်-မောင်ဇနိယ)


စ၊ ဦး၊ မြဝတီမင်းကြီး


ဦးစကို ၂၈၊ အောက်တိုဘာလ၊ ၁၇၆၆ ခုနှစ်တွင် စစ်ကိုင်းမြို့၊ မိချောင်းတက်ရွာ၌ မြင်းစီးကြီးဦးပေါက်ကျော်၊ ဒေါ်ငြိမ်း သာတို့က ဖွားမြင်သည်။ ငယ်စဉ်က အင်းဝမဲထီးကျောင်းဆရာတော် ဦးပရမထံ ပညာသင်ယူဆည်းပူးခဲ့သည်။ ဗဒုံမင်း လက်ထက်တွင် အိမ်ရှေ့မင်းသားဦးပေါ်၏ဘဏ္ဍာစာရေးအဖြစ် စတင်အမှုထမ်းခဲ့၏။ ထို့နောက် အိမ်ရှေ့စံစစ်ကိုင်း မင်းသားထံ နေမျိုးဇေယျသူဘွဲ့ဖြင့် အိမ်ရှေ့သံတော်ဆင့်၊ အိမ်ရှေ့အတွင်းဝန် စသည့်ရာထူးများ ရရှိခဲ့ပါသည်။

၁၈၁၉ ခုနှစ်၊ စစ်ကိုင်းမင်း နန်းတက်စတွင် မဟာသီရိဇေယျသူရဘွဲ့ဖြင့် မြဝတီမြို့စားအတွင်းဝန် ဖြစ်လာ၏။ ၁၈၂၃ ခုနှစ်၊ ရှင်မဖြူကျွန်းပြဿနာကြောင့် အင်္ဂလိပ်နှင့်စစ်ဖြစ်ပွားစဉ် အတွင်းဝန်ဦးစသည် လက်ဝဲစစ်ကဲအဖြစ် လိုက်ပါစစ် မှုထမ်းခဲ့ရ၏။ ၂ဝ၊ နိုဝင်ဘာလ၊ ၁၈၂၈ ခုနှစ်တွင် မင်းကြီးမဟာသီဟသူရဘွဲ့ဖြင့် ဝန်ကြီးအရာ ရရှိပါသည်။ ၁၈၃၇ ခုနှစ်၊ သာယာဝတီမင်း နန်းတက်လာသောအခါ ဦးစ ထောင်သွင်းအကျဉ်းချခံခဲ့ရ၏။ သို့သော် သမီးတော်စုဖုရားကြီး ၏မေတ္တာရပ်ခံချက်အရ အကျဉ်းမှလွတ်မြောက်ခဲ့ရသည်။ ပုဂံမင်းလက်ထက်တွင် မြင်းမူမြို့စားအဖြစ် ရရှိခဲ့ပြီး မင်း တုန်းမင်း နန်းတက်စ ၅၊ ဩဂုတ်၊ ၁၈၅၃ ခုနှစ်တွင် ကွယ်လွန်ပါသည်။

ဦးစသည် ငယ်ရွယ်စဉ်ကပင် စစ်ကိုင်းမြို့နေ ပန်းထိမ်ဝန်ဟောင်းဦးညွန့်၊ ဒေါ်ငြိမ်းစံတို့၏သမီး မအေးနှင့်စုံဖက်ခဲ့သည် အသက်(၁၉)နှစ်အရွယ်တွင် ဇနီးမအေး ကွယ်လွန်ပါသည်။ ဒုတိယဇနီး ခင်စောသည် ဟံသာဝတီဘုရင် ဗညားဒလ၏ တူ ပွဲစားကြီးဦးဖြိုးနှင့်ဒေါ်သာလိတို့ သမီး ဖြစ်သည်ဆို၏။ ဦးစတွင် သား ၂ ဦး၊ သမီး တစ်ဦး ရှိပါသည်။ သားဦး​ မောင်ကလေးသည် ၁၈၆၃ ခုနှစ်ခန့်က မလွန်စျေးရပ်တွင် မြဝတီပုံနှိပ်တိုက် တည်ထောင်ခဲ့သူ ဖြစ်ပြီး ကင်းဝန်ဦးကြွယ် ၏သမီး ဒေါ်ခင်ငြိမ်းနှင့်စုံဖက်ခဲ့၏။ ဦးစတွင် ဒေါ်လုံမဆိုသူ နှမတစ်ဦးလည်း ရှိကြောင်း သိရှိရသည်။ (ကုန်းဘောင် ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)


စ၊ ဦး၊ ဝန်ထောက်


ဦးစသည် သံတော်ဆင့်၊ ပုဏ္ဏား​ဝန်ရာထူးများမှ စစ်ကိုင်းမင်းလက်ထက်တွင် မင်းလှဇေယျသူဘွဲ့ဖြင့် ဝန်ထောက်အရာ ရရှိခဲ့၏။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)


စလေမြို့ဝန်


အင်းဝမြို့ကို အလောင်းဘုရားသည် ၁၇၅၄ ခု၊ ဇန်နဝါရီလတွင် မွန်တို့လက်မှ ပြန်လည် သိမ်းပိုက်ရာ မွန်ဘုရင့်ညီ ဥပ ရာဇာ ဦးဆောင်၍ လာတိုက်သည်။ သို့​ေသော် မွန်တို့ စစ်ရှုံးပြီး ပြည်အထိ ဆုတ်ခွာသည်။ ပြည်တွင် သမိန်သံလိုက်ကို အစောင့် အနေ ထား၍ ဟံသာဝတီသို့ ပြန်၏။ ထိုအချိန်၌ ပြည်မြို့တွင် စ​လေမြို့ဝန် အာကာရွှေတောင်နှင့်ပခန်းမြို့သူ ကြီး ရှိကြသည်။ ပြည် အနောက်ဘက်ကမ်း၌ ဟံသာဝတီရောက်မင်း၏ တပ်မှူးများ ဖြစ်သော သတိုးကျော်သူ၊ ရမ္မ သီရိ ကျော်ထင် သက်တော်ရှည်တို့သည် လူသူစုရုံးပြီး နေ၏။ ဟံသာဝတီရောက်မင်းကို မွန်ဘုရင်က သုတ်သင်လိုက် ကြောင်း ကြားသောအခါ သတိုးကျော်သူက စလေမြို့​ဝန် အာကာရွှေတောင်တို့ ထံသို့ အလောင်းဘုရားနှင့် ပူးပေါင်း ရန်၊ ပြည်မြို့ကို လုပ်ကြံရန် အတွင်းစာ ရေး၍ ပေးသည်။ စလေမြို့ဝန်တို့လည်း ပြည်မြို့တွင်း၌ လျှို့ဝှက် စည်းရုံး သိမ်း သွင်းပြီး မွန်တို့အလစ်ကို တိုက်ရာ မွန်တပ် ဖရိုဖရဲ ဖြစ်၍ ဆုတ်ရသည်တွင် ပြည်မြို့ကို အခိုင်အမာပြု၍ နေသည်။ သတိုးကျော်သူတို့လည်း မြစ် အနောက်ဖက်၌ အခိုင်အမာ တပ်တည်၍ နေသည်။ အလောင်းဘုရားထံသို့ အခြေအနေ အစီရင်ခံရာ အလောင်းဘုရားက ကြံ့ကြံ့ခံနေရန် ပြန်ကြား၏။

မွန်တို့လည်း မွန်ဘုရင့်ညီ ဗညားဒလ၊ မွန်ဘုရင့်သားမက် စောဗြတို့ ဦးစီးပြီး ကြည်းကြောင်း၊ ရေကြောင်း ချီ၍ ပြည်ကို ပြန်သိမ်းရန် လာသည်။ ပြည်မြို့ကို အထပ်ထပ် ဝန်းရံ၍ လုပ်ကြံသည်။ စလေမြို့ဝန် အာကာရွှေတောင်နှင့် ပခန်းသူ ကြီးတို့ ကြံ့ကြံ့ခံ၍ နေရာ မွန်တို့ မသိမ်းနိုင်ချေ။ အာကာရွှေတောင်မှာ မြို့ပြင်သို့ ထွက်၍ မွန်တို့အား မကြာခဏ တိုက် လေ့ရှိရာ တကြိမ်တွင် အမြောက်ကျည်သင့်၍ အာကာရွှေတောင် ကျဆုံးသွား၏။ မွန်တို့က အာကာရွှေတောင် ကျ သောကြောင့် အားတက်ပြီး ပြည်မြို့ကို လုပ်ကြံသည်။ စလေမြို့ဝန်နှင့်ပခန်းမြို့သူကြီးတို့သည် ပြည်မြို့တွင်းရှိ ယော က်ျားမိန်းမ ကလေး လူကြီးမကျန် အားလုံး ထွက်စေပြီး မြို့ရိုးထိပ်မှ ကျောက် အုတ် ပွဲလျက်ရည်ဖြင့် ပစ်ချ သွန်ချကြ ၏။ မွန်တို့ ဆုတ်ရသည်။ အထက်မြန်မာနိုင်ငံမှ ချီတက်လာသော အလောင်းဘုရားသည် ၁၇၅၅ ခု၊ ဖေဖေါ်ဝါရီလတွင် ပြည်မြို့ကို ဝိုင်းဝန်း လုပ်ကြံ၏။ နှစ်ကြိမ် လုပ်ကြံပြီးနောက် ပြည်မြို့ကို ဝိုင်းထားသော မွန်တပ်ကို ခြေမှုန်းနိုင်သည်။ စလေမြို့ဝန်၊ ပခန်းမြို့သူကြီး သတိုးကျော်သူရ၊ ရမ္မသီရိတို့အား ဆုလာဘ် ချီးမြှင့်၏။ ကျော်ထင် သက်တော်ရှည်ကို အပါးတော်၌ ခစားစေသည်။ (နှစ် ၂ဝဝ မြန်မာနိုင်ငံရေးသမိုင်းအဘိဓာန် - ဦးစိန်မြင့်)


-ဆက်ရန်-