(နာမ်)

ဗျည်း(၃၃)လုံးတွင် (၁၁)လုံးမြောက်ဗျည်း။ (ဋသန်လျင်းချိတ်ဟု ခေါ်သည်။)


ဗျည်းတို့၏ (၁၁)ခုမြောက် (ဧကဒဿမ)အက္ခရာ ဖြစ်သည်။ ဖို-မ အက္ခရာအားဖြင့် အဖိုအက္ခရာ ဋ-သံလင်း​ချိတ် (သို့မဟုတ်) ဋခြေဆင်းဟုခေါ် သည်။ ဝဂ်အစဉ်အားဖြင့် ဋ-ဝဂ် ပထမအက္ခရာ ဖြစ်သည်။ ပြင်းပြင်း မရွတ်ဖတ်ရသော အဃောသအက္ခရာ ဖြစ်၍ အသံ၏ဖြစ်ပေါ်ရာဌာန ဌာန် အားဖြင့် လျှာထိပ်အရပ်မှဖြစ်သော မုဒ္ဓဌာန် ဖြစ်သည်။ နှုတ်ခမ်းထိ၍ ရွတ်ဖတ်ရသော ဖုဋ္ဌပယတ်လည်း ဖြစ်သည်။ ဖြစ်ခြင်းအကြောင်း ကရိုဏ်း အားဖြင့် လျှာဖျားအနီးမှဖြစ်သော ဇိဝှေါပဂ္ဂကရိုဏ်း ဖြစ်သည်။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)


ဋဝဂ်အက္ခရာ-ငါးလုံးသာ

ဗျည်း (၃၃)လုံးကို  ဝဂ်အစဉ် ခွဲလိုက်သောအခါ (ဋ၊ ဋ္ဌ၊ ဍ၊ ဎ၊ ဏ)တို့သည် ဋ-ဝဂ်တွင် ပါဝင်ကြသည်။ ယင်းတို့ကို ဋ-ဝဂ်ငါးလုံးဟု ခေါ်သည်။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)



 


-ဆက်ရန်-

 

ထီ

ထီစနစ်သည် သီပေါမင်းလက်ထက်၌ စတင်ပေါ်ပေါက်ခဲ့သည်။ စင်စစ်အားဖြင့် သီပေါမင်းလက်ထက် မြန်မာအစိုးရသည် ယင်း ထီစနစ်ကို အောက်မြန်မာနိုင်ငံရှိ ဗြိတိသျှတို့ထံမှ ရရှိခြင်း ဖြစ်သည်။ သဿမေဓခွန်ကို အတင်းအကြပ် ကောက်ခံစေသည်ထက် ထီ ဖွင့်၍ ခိုင်နှုန်းကောက်ခံခြင်းက ပို၍ အကျိုးရှိမည်ဟု ယူဆရာမှ ထီစနစ် ကျင့်သုံးလာခြင်း ဖြစ်သည်။ ဤစနစ်ကို ယောအတွင်းဝန် ဦးဖိုးလှိုင်က ကန့်ကွက်ခဲ့သေးသော်လည်း စုဖုရားလတ်နှင့်တိုင်တားမင်းကြီးတို့၏ အလိုကို မလွန်ဆန်နိုင်သဖြင့် သီပေါမင်းက ခွင့် ပြုခဲ့သည်။ သို့သော် နောင်အခါ ထီစနစ်ကြောင့် ခိုးသားဓားပြ ဆူပူသောင်းကျန်းလာသောကြောင့် ၁၈၈၂ ခုနှစ်ဦးတွင် ပိတ်ပင်ပစ် လိုက်ရသည်။ မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ၁၉၃၈ ခုနှစ်တွင် ထီစနစ်ကို ပြန်လည် ကျင့်သုံးခဲ့ပြန်သည်မှာ ယနေ့ထိ ပင်ဖြစ်၏။ သို့သော် မြန်မာမင်းလက်ထက် ထီဖွင့်ပုံနှင့်ဗြိတိသျှလက်ထက် ထီဖွင့်ပုံမှာ အနည်းငယ် ခြားနားချက် ရှိသည်။ (နှစ် ၂ဝဝ မြန်မာနိုင်ငံသမိုင်းအဘိဓာန်-ဦးစိန်မြင့်)

 

 

ထိပ်

ထိပ်တင်စောရန်နိုင်

ထိပ်တင်စောရန်နိုင်နှင့်ထိပ်တင်စောရန်ပိုင်တို့သည် မက္ခရာမင်းသား၏သားတော်များ ဖြစ်ကြသည်။ (ချောင်းခွမင်းသား-ကြည့်။)

(နှစ် ၂ဝဝ မြန်မာနိုင်ငံသမိုင်းအဘိဓာန်-ဦးစိန်မြင့်)

ထိပ်တင်ဝ

မြန်မာမင်းမျိုးမင်းနွယ်တစ်ဦး ဖြစ်သည်။ ၁၉၃၆ ခုနှစ်၌ အထက်မြန်မာပြည် ဂျီ-စီ-ဘီ-အေ ဌာနခွဲတစ်ခု၏ ဥက္ကဋ္ဌဖြစ်သည်။ ၁၉၃၆ ခုနှစ်မတိုင်မီ၌ ဦးဘဖေ​ ခေါင်းဆောင်သော ပြည်သူပြည်သားအဖွဲ့သည် အုပ်စုအချို့ ခွဲထွက်သွားသဖြင့် အားနည်းရကား ၁၉၃၆ ခု၊ ရွေးကောက်ပွဲ ဝင်နိုင်ရန်အတွက် ဦးဘဖေသည် ထိုနှစ် မေလ၌ အခြားအဖွဲ့ ၄ ဖွဲ့နှင့်ပေါင်းကာ ငါးပွင့်ဆိုင်အဖွဲ့တစ်ခု ဖွဲ့စည်းသည်။ (ငါးပွင့်ဆိုင်အဖွဲ့-ကြည့်)ငါးပွင့်ဆိုင်အဖွဲ့၏ အမည်ခံဥက္ကဋ္ဌမှာ ထိပ်​တင်ဝမင်းသားကြီး ဖြစ်သည်။ ငါးပွင့်ဆိုင်အဖွဲ့သည် ရွေးကောက်ပွဲ ၌ အမတ်အများဆုံး ​အရွေးခံရသော်လည်း ရာထူး အဝေမတည့်သဖြင့် အစိုးရမဖွဲ့နိုင်ပေ။ ထိပ်တင်ဝသည် ထိုနှစ် နိုဝင်ဘာလ၌ ဝန် ကြီးအဖွဲ့ ဖွဲ့ရေးကို တားဆီးရန် ကြိုးစားခဲ့၏။ ထို့ကြောင့် ငါးပွင့်ဆိုင်အဖွဲ့မှ ဦးပုနှင့်ဦးမောင်ကြီးတို့သည် ငါးပွင့်ဆိုင်အဖွဲ့မှ ထွက်ကာ ဒေါက်တာဘမော်နှင့်ပူးပေါင်း၍ အစိုးရ ဖွဲ့စည်းလိုက်ကြသည်။ (နှစ် ၂ဝဝ မြန်မာနိုင်ငံသမိုင်းအဘိဓာန်-ဦးစိန်မြင့်)