ပစ်

ပစ်


ပစ် (ကြိ)

(၁)အခြားတစ်နေရာသို့ အရှိန်နှင့်ရောက်စေသည်။


ပစ္စတို (Pistol)

ပစ္စတိုမှာ (Bohemia) ဘိုဟီမီးယားစကား (Pistala) ပစ်(စ်)တလမှ ဆင်းသက်လာပြီး မီးသေနတ်ဟု အဓိပ္ပါယ် ရသည်။ အချို့က ၁၅၄ဝ ပြည့် အီတလီနိုင်ငံ (Pistoia) ပစ်(စ်)တိုယားမြို့မှ စတင်ပြုလုပ်၍ ပစ္စတို ဟုခေါ်သည်ဟု ဆိုသည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)


ပစ္စေကဗုဒ္ဓါ အလောင်းတော် ပါရမီဖြည့်ခြင်း

အရှင်ပစ္စေကဗုဒ္ဓါအလောင်းတော်များသည် နှစ်သင်္ချေနှင့်ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီဖြည့်မှ ပစ္စေကဗုဒ္ဓ ဘုရား အဖြစ်သို့ ရောက်တော်မူသည်။


ပစ္စည်းဥစ္စာ ဆုံးပါးရာ သုံးဖြာတရားစု

ဒါန၊ ဘောဂ၊ နာသ သုံးပါးဖြင့် ပစ္စည်းဥစ္စာများ ဆုံးပါးသည်။

(၁)ပေးလှူခြင်းဒါန။

(၂)မိမိကိုယ်တိုင် သုံးစွဲခြင်း​-ဘောဂ။

(၃)မလှူမစား တွန့်တိုသောအားဖြင့် ဆုံးပါးပျက်စီးခြင်း။

ယင်းသုံးပါးတွင် ဒါနသည်သာလျှင် မြတ်၏ဟူ၍ မှတ်ရာ၏။


ပစ္စည်း(၄)ပါး

သူတော်စင် ရှင်ရဟန်းတို့အတွက် ပြဋ္ဌာန်းချက် ဖြစ်သော သာသနာသုံး ပစ္စည်းများ

(၁)စားသုံးရန် ခဲဖွယ် ဘောဇဉ် ဆွမ်း စသည်များ၊

(၂)ဝတ်ရုံရန် သင်္ကန်းပစ္စည်းများ၊

(၃)ကပ္ပိယကုဋီဟု​ ဆိုအပ်သော သီတင်းသုံးရန် ကျောင်း အဆောက်အဦး စသည်၊

(၄)ကျန်းမာရေးအတွက် မှီဝဲရာသည် ဆေးပစ္စည်း။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)


ပစ္စန္တရွာ

မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့၌ သီတင်းသုံးတော်မူစဉ် အနုရုဒ္ဓါ၊ သောဘိတ၊ ပဒုမုတ္တရ၊ ဂုဏသာရ၊ ဉာဏပဏ္ဍိတ နှင့်ရေဝတ မထေရ်ခြောက်ပါးတို့သည် ဘုရားရှင်ထံတော်မှ ဆံတော် (၆)ဆူကို ပင့်၍ ခရီးကြွသည် ရှိသော် သမုဒြာ အနီး ပစ္စန္တရွာသို့ ရောက်သောအခါ သိကြားမင်းအား စေတီ တည်စေ၍ ဆံတော်များကို ဌာပနာ ထားခဲ့ကြသည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


ပစ္ဆာဘူမ အနောက်နိုင်ငံများ

သက္ကတိုင်း၊ ဒေဝဒဟမြို့မှ ခရီးသွားလိုသော ရဟန်းတော် (ဂမိကာ ဘိက္ခူ) များသည် မြတ်စွာဘုရားထံ အနောက် နိုင်ငံများ (ပစ္ဆာဘူမိ)သို့ ခရီးသွားလိုကြောင်း လျှောက်ကြားသောအခါ မြတ်စွာဘုရားသည် အရှင်သာရိပုတြာထံ ခွင့် ပန်ကြရန် ညွှန်ပြလိုက်သည်။ ထိုအခါ အရှင်သာရိပုတြာသည် မြတ်စွာဘုရားနှင့် မနီးမဝေးသော ဒန့်ကျွဲခြံ (ဧဠာဂလာ ဂုမ္ဗ) ၌ ခိုလှုံနေထိုင်သည်။ အရှင်သာရိပုတြာသည် နိုင်ငံရပ်ခြား ခရီးသွားရန် ခွင့်ပန်သော ရဟန်းတို့အား "ငါ့ရှင်တို့ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ ခရီးသွားသော ရဟန်းအား ပြဿနာ မေးတတ်ကုန်သော မင်းပညာရှိ၊ ပုဏ္ဏားပညာရှိ၊ သူကြွယ်ပညာရှိ၊ ရဟန်းပညာရှိတို့သည် ထင်ရှားရှိကြကုန်၏။ ထိုပညာရှိတို့သည်... အသျှင်တို့၏ ဆရာမြတ်စွာဘုရား သည်် အဘယ်ဝါဒ ရှိပါသနည်း" စသည်ဖြင့် စုံစမ်းတတ်ကုန်၏။ အသို့နည်း။ အသျှင်တို့သည် ထိုပညာရှိတို့၏ အမေး များကို ဖြေကြားနိုင်လောက်အောင် တရား (ဗဟုသုတ) တို့ကို နာဖူးကြ၊ သင်ယူဖူးကြ၊ ဆောင်ဖူးကြကုန်၏လော" ဟု မေးမြန်းပြီးလျှင် အမေးခံနိုင်အောင် အဖြေတရားတော် (ဒေဝဒဟသုတ္တန်)ကိုလည်း ဟောကြားတော်မူသည်။ ပစ္ဆာ ဘူမသည် မဇ္ဈိမဒေသမှ အပြင်ဖက် ဖြစ်ကြသော တိုင်းနိုင်ငံများကို ဆိုလိုသည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ် ကြွင်း ပုံရိပ်လွှာများ)



 


-ဆက်ရန်-