ပေ့

ပေ့

ပေ့ (စည်း)

ကြိယာ၏လွန်ကဲခြင်းကို ဖော်ပြသည့် စကားလုံး။ (ပေ ၏အတိုသုံးစကား)


-ဆက်ရန်-

ပေ

ပေ

ပေ (နာမ်)

ပန်းပဲ၊ ပန်းထိမ် စသည့်လုပ်ငန်း၌ အသုံးပြုသည့် ထုရိုက်ရန် ပစ္စည်းတင်သော သံထည်ခံတုံး။

ပေ (နာမ်)

၁၂ လက်မ အတိုင်းအရှည်။

ပေမတရားမျိုး(၂)ပါး

တစ်ထောင့်ငါးရာ ကိလေသာ ရှေ့ထားသော ချစ်ခြင်း။ တဏှာပေမနှင့်မိဘချစ်၊ သားသမီးချစ် တည်းဟူသော ဂေဟ သိတပေမ ဖြစ်၏။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)


-ဆက်ရန်-

ပူ

ပူ


ပူ (နာမဝိ)

(၁)လောင်ရှိန်ရှိသော။

(၂)စပ်၍ အခိုးပြင်းသော။


ပူဇော်ခြင်း(၂)မျိုး

(၁)ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်း(အာမိသပူဇာ)

(၂)ဟော​ကြား ဆုံးမသည့်အတိုင်း လိုက်နာကျင့်ကြံခြင်း(ဓမ္မပူဇာ)။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)


ပူတာအိုမြို့နယ် ဖြစ်စဉ်သမိုင်း

ပူတာအိုသည် ရှမ်းဘာသာစကား ပူတောင်း မှ ပြောင်းလဲ ခေါ်ဝေါ်လာခြင်း ဖြစ်သည်။ ပူ-အဖိုး၊ စောင့်သည်ဟု အဓိပ္ပါယ်ရသဖြင့် ပူတောင်း-အဖိုးမျှော်သည့်နေရာ ဟုခေါ်ဆိုနိုင်သည်။ မြို့ကို စတင် ဖွဲ့စည်းခဲ့စဉ်က ပူတောင်းမြို့ဟု ခေါ်ဆိုခဲ့ကြသည်။ ပူတောင်းကို အင်္ဂလိပ်ဘာသာဖြင့် (Putao) ရေးရာမှ မြန်မာအသံထွက် ပူတာအို ဖြစ်သွားသည်ဟု ဆိုသည်။ ၁၉၁၄ ခုနှစ်တွင် ဗြိတိသျှ တပ်ဖွဲ့တို့သည် ပူတောင်းကျေးရွာအနီး၌၌ ပထမဆုံး စခန်းချနေထိုင်ကြသည်။ ၁၉၁၆ ခုနှစ်တွင် မြေပုံညွှန်း(အင်တီ-ဝ၁၈၅)သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမှ ပူတာအိုဒေသကို ခရိုင်ဖွဲ့စည်းပြီး အုပ်ချုပ်ကြ သည်။ ပထမဆုံး ခရိုင်ဝန်မှာ မစ္စတာဟတ်ဇ် (Mr. Heartz) ဖြစ်သည်။ ခရိုင်ဝန် နေထိုင်ခဲ့သော ခံတပ်ကို ဖို့ဟတ်ဇ် (Fort Heartz) ခံတပ် ဟုခေါ်တွင်ကြသည်။ ၁၉၂၅ ခုနှစ်တွင် ခရိုင်ကို ဖျက်သိမ်းပြီး မြစ်ကြီးနားခရိုင်အတွင်းသို့ ထည့် သွင်းကာ ခရိုင်ခွဲအဖြစ် ပူတောင်ကျေးရွာသို့ ပြောင်းရွှေ့ တည်ထောင်ခဲ့ကြသည်။ ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပူတာအိုမြို့ကို ခရိုင်အဖြစ် ဖွဲ့စည်း အုပ်ချုပ်စေခဲ့သည်။ ၁၉၇၂ ခုနှစ်၊ စနစ်သစ် အုပ်ချုပ်ရေးအရ ခရိုင်ကို ဖျက်သိမ်း၍ ပူတာအိုမြို့နယ်ကို (က)အဆင့်ရှိသော မြို့နယ်အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ နိုင်င်ငံတော် ငြိမ်ဝပ်ပိပြား မှု တည်ဆောက်ရေးအဖွဲ့ လက်ထက် (၂၈-၉-၁၉၉၂)ရက်နေ့တွင် အမိန့် ကြော်ငြာစာ အမှတ် (၁၄၂-၉၂)ဖြင့် ပူတာအို ခရိုင်အဖြစ် ဖွဲ့စည်း အုပ်ချုပ်လျက် ရှိသည်။ ကမ္ဘာပေါ်တွင် ရှားပါးသော တာကင်(ခေါ်)သားမင်းကောင်၊ တောင်ဆိတ် နှင့်ကတိုးကောင်တို့ကို ပူတာအိုခရိုင်တွင် တွေ့ရှိရသည်။ (ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်)




-ဆက်ရန်-

ပူး

ပူး

ပူး (နာမ်)

(၁)ကြွက်နှင့်တူသော သတ္တဝါတစ်မျိုး။

(၂)သောကြာဂြိုဟ်၏အမှတ်အသား။


-ဆက်ရန်-

ပု

ပု


ပု (နာမဝိ)

ရှိသင့်သော အမြင့်အောက် နိမ့်ပျပ်သော။


ပုထုဇဉ်(၄)ယောက်

(၁)အပါယ်လေးဘုံသာ ဒုဂ္ဂတိ တိဟိတ်ပုထုဇဉ်။

(၂)လူ့ဘုံ၌ ကန်း အ ဆွံ့သူများ သုဂတိအဟိတ်ပုထုဇဉ်။

(၃)ကာမသုဂတိ ခုနစ်ဘုံသား ဒွိဟိတ်ပုထုဇဉ်။

(၄)နတ်-လူ-ဗြဟ္မာ ဘုံသားများ တိဟိတ်ပုထုဇဉ်။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)


ပုထိုးစေတီ ဤနှစ်လီ ခေါ်မည် ခွဲခြားသိ

စေတီပုထိုး ဤနှစ်မျိုးတွင် ရှုပါ။ (မြန်မာမှုအဘိဓာန်-မောင်ဇနိယ)


ပုရပိုက်

ပုရပိုက်ကို မွန်ဘာသာဖြင့် (ဗေ့ယပေါ့) ဟုခေါ်သည်။ မူရင်းမှာ သက္ကဋဘာသာ (Parivana) ဖြစ်သည်။ ပုရမှာ "ရှေး" ဟု အဓိပ္ပါယ်ရပြီး ပတ္တ မှာ ကျရောက်သည်ဟု အဓိပ္ပါယ် ရသည်။ ပုရပိုက်၏ အရွယ်အစားမှာ ခေါက်ထားလျှင် ၁၇ လက်မ၊ ၁၈ လက်မ ရှိသည်။ အကြီးဆုံး အရွယ်မှာ အလျား ၄ ပေ၊ အနံ ၁ ပေ ရှိသည်။ အငယ်ဆုံးမှာ အလျား ၃ လက်မ၊ အနံ ၁ လက်မ ဖြစ်သည်။ အထူမှာ ၂၄ လွှာ ဖြစ်၍ ၄၈ မျက်နှာ ရှိသည်။ (ဗဟုသုတ ဒိုင်ယာရီ တွဲ ၂)


ပုရိသပူရမြို့

ပုရိသပူရသည် ဂန္ဓာရ (Gandara) တိုင်းမှ တက္ကသီလာ (Taxila) မြို့ကို ပြောင်းရွှေ့ တည်ဆောက်သော မြို့ ဖြစ်သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးနောက် သာသနာနှစ် (၁၅၆) ခုတွင် စန္ဒဂုတ်၊ အလီစန္ဒာနှင်မိလိန္ဒမင်းတို့ လက်ထက်၌ တည်ရှိသော မြို့ ဟု ဆိုလိုသည်။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများ)


ပုရောဟိတ်အင်္ဂါ (၃)ပါး

(၁)ဗေဒင်ကျမ်းကြီး ကျမ်းငယ်ကို တတ်ခြင်း တစ်ပါး။

(၂)ယဇ်ပူဇော်သန္ဓေးယတြာ၌ လိမ္မာခြင်း တစ်ပါး။

(၃)မင်းအား အသက်ရှည်ဆု မေတ္တာပြုခြင်း တစ်ပါး။ (ဗဟုသုတပုလဲပန်းကုံး)


ပုလဲဆိပ်ကမ်း

ကမ္ဘာကျော် ပုလဲဆိပ်ကမ်းသည် အမေရိကန်ပြည် ဟာဝေယံကျွန်းစုတွင် တည်ရှိသည်။ ထိုပုလဲဆိပ်ကမ်းအား ဂျပန် တို့သည် ပထမကမ္ဘာစစ် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က ဗုံးကြဲ တိုက်ခိုက်ခဲ့ကြသည်။ (ဗဟုသုတဒိုင်ယာရီ-တွဲ ၇)


ပုလဲမျိုး (၈)ပါး

(၁)ဆင်ဦး​ကင်းမှဖြစ်သော ပုလဲသည် ရွှေသောအဆင်း ရှိ၏။ အရောင်အဝါ မရှိ။ ဟတ္ထိကုမ္ဘ။

(၂)ဝက်စွယ်မှ ဖြစ်သော ပုလဲသည် ဝက်စွယ်အဆင်းသာလျှင် ရှိသည်။ ဝရာဟဒါဋ္ဌ။

(၃)မြွေဥက္ခောင်းမှဖြစ်သော ပုလဲသည် အစိမ်းအညိုစသော အဆင်းရှိသည်။ သန့်ရှင်းစင်ကြယ်၏။ လုံးလုံးလျောင်း လျောင်း ရှိသည်။ ဘူဇင်္ဃသီသံ။

(၄)တိမ်တိုက်မှ ဖြစ်သော ပုလဲသည် အရောင်အဝါ ရှိသည်။ အထူးထူး အပြားပြား အဆင်းရှိသည်။  ညအခါတွင် အမှောင်ကို ဖျောက်ပြီး အလင်းကို ပေးသည်။ နတ်တို့ အသုံးအဆောင်ဖြစ်သည်။ ဝလာဟက။

(၅)ဝါး၌ဖြစ်သော ပုလဲသည် သလဲသီးအဆင်းနှင့်တူသော အဆင်းရှိ၏။ အရောင်အဝါ မရှိ။ လူမနီးသော ဝါးတောတွင် ဖြစ်သည်။ ဝေဠု။

(၆)ငါး​ဥက္ခောင်း၌ ဖြစ်သော ပုလဲသည် ငါးဖယ်ကျောက်ကုန်းနှင့်တူသော အဆင်းရှိသည်။ လုံးသည် ပေါ့သည်။ အရောင်အဝါ မရှိ။ ထိုငါးများမှာ သမုဒ္ဒရာ၌သာလျှင် နေသည်။ မစ္ဆသီရော။

(၇)ခရုသင်း၌ ဖြစ်သော ပုလဲသည် ခရုသင်းဝမ်းရေအဆင်း ရှိသည်။ သီးသီးခန့်ပမာဏမျှ ရှိသည်။ သင်္ခေါ။

​(၈)ယောက်သွား၌ ဖြစ်သော ပုလဲသည် ယောက်သွားအတွင်းသား သဏ္ဌာနအဆင်းရှိသည်။ အရောင်အဝါ မရှိ။ သိပ္ပိ။

(ဗဟုသုတပုလဲပန်းကုံး)




-ဆက်ရန်-