လူ့အလွှာတခု

မိမိမောင်မောင်၊ ချစ်ခင်ယောင်ဖြင့်

အိတ်ထောင်ကိုကြည့်၊ ဘာများရှိမည်

သတိမလစ်၊ မလပ်ကြစေရ။


ပတ်ချွဲနပ်ချွဲ၊ ရွှေမှုန်ကြဲ၍

ကပ်ချွဲယပ်ချွဲ၊ ပေါ်ယံဟဲ၍

ကျိတ်ခဲဂုဏ်ပြိုင်၊ ဟိတ်ချင်းဆိုင်မည်

အနိုင်ကိုယ့်ထက် မကြောစေရ။


တည်ငြိမ်မလှုပ်၊ မင်းစိုးရုပ်ဖြင့်

မျက်မှောင်ကွေးကြုတ်၊ ပေါ်စီးရုပ်ဖြင့်

နှုတ်ခမ်းပြေ့ပြေ့၊ တင်းတင်းစေ့မည်

ကိုယ့်ရှေ့ရောက်သူ မရှိစေရ။


ငါသာလျှင်တတ်၊ ငါသာမြတ်၏

ဆတ်ဆတ်မခံ၊ ပညာ့မာန်ဖြင့်။


ငါသာလျှင်သိ၊ ငါသာပြည့်၏

အထိမခံ ပညာ့မာန်ဖြင့်။


ဘယ်အချိန်တွင်၊ ဘယ်ထမိန်နှင့်

ဘယ်ခရီးတွင်၊ ဘယ်ထီးဆောင်း၍

ဘယ်စခန်းတွင်၊ ဘယ်ပန်းပန်၍

ဆောင်းမှာတထွေ၊ နွေမှာတမျိုး

မိုး၌တခြား၊ အစားစားလျှင်

ကွဲပြားရောင်စုံ၊ အရေခြုံသည်

ရွှေဘုံထက်က ပုတ်သင်တည်း။

ဗန်းမော်ညိုနွဲ့

ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၆၈ ခုနှစ်၊ မေလ၊ အတွဲ ၂၁၊ အမှတ် ၂၅၂၊ နှာ ၂။