အပြန်အလှန် မေတ္တာစာ

(မောင်သိင်္ဂါသို့)

မျက်ရည်စတွေနဲ့

လွမ်းတနေသည်ကွဲ့

ဖြေမဆည်နိုင် ပစ်မထားနိုင်တော့

သတိများရနေတယ်။ ။

 


ဘုံဘဝမှာတော့

ဆုံရကြုံရ စိုစိုပြေမို့

တကိုယ်ရေ မင့်အကြောင်းတွေတော့

ဆင့်ပေါင်း ခံယူပါရဲ့

တရံလူ အပူမမျှသော်လဲ

ဒုက္ခသုက္ခ အတူနေချင်။


အချစ်ဆိုတာ မောင်ရယ်

အပြစ်တွေ ဘယ်မမြင်လို့

မပြယ်ချင် မောင်မလွမ်းသော်ကော့

တမ်းကာလွမ်းကာ ပန်းရှာမောရသူရယ်

လွမ်းကာတွက် သူကမောင့်ခင်လေး။


မမေ့ရာ

မြေ့ကြာလေ ကြာလေမောတယ်ကွဲ့

တကြိမ်သော ရံတခါက

ခင်လာ ကြင်လာဘူးတာကြောင့်

ညှာတာ စာနာဘူးတာကြောင့်

ကြင်သူ ခင်သူ မင့်ကိုဖြင့်

ကြိုနှင့်မယ်လေး။ ။

ညိုမီသင်းသင်းနွယ်


(ညိုမီသင်းသင်းနွယ်သို့)

မျက်ရည်စမ်းငယ်နဲ့

လွမ်းတမ်းလေသူရဲ့

မကြည်ဖြူ စာနာမသနားနဲ့တော့

မေ့ထားစေချင်ပါတယ်။ ။


ဘုံဘဝမှာလှ

ကြုံရ မစိုပြေသမို့

တကိုယ်ရေ ကိုယ့်အကြောင်းနဲ့ဘဲ

ဆိုးကောင်း ခံယူမယ်

တရံလူ အပူမျှသလိုဖြင့်

ဒုက္ခမဝေချင်တယ်။ ။


အချစ်ဆိုတာ မေရဲ့

တဖြစ်တွင် သာယာရန်ဘို့

ဖွေရှာယူတဲ့သဘောပါကလား

ဆွေးစရာ လွမ်းစရာများမှာမြင့်

အလကား အပိုရှာသူရယ်

အပိုတာမတွယ်နဲ့တော့နော်ကွဲ့လေး။ ။


မေ့ပါ

မြေ့ကြာယင် ရင်မှာမောတယ်မေ

တရံရော တကြိမ်တခါက

ကြင်နာ စာနာဘူးတာတို့

ညှာတာ တွယ်တာဘူးတာတို့

စိတ်ကူး မထင်မယဉ်နဲ့

မခင် မကြင်ဘူးသလိုပ

တဦးကို တဘဝဆုံးသည်သို့

မုန်းမေ့ကွယ်လေး။ ။

မောင်သိင်္ဂါ


(ညိုမီသင်းသင်းနွယ်မှ မောင်သိင်္ဂါ(ခေါ်)မောင်သာနိုးသို့ မေတ္တာစာရေးသားသည်ကို မောင်သာနိုးမှ ပြန်လည်၍ ရေးသားပေးသော အပြန်အလှန်စာ ဖြစ်ပါသည်။)