ရတုသာတုန်း တန်ဆောင်မုန်း

 

မိုးရိပ်ကင်းစင်၊ ထက်ကောင်းကင်

ကြည်လင်ပဝင်း၊ ငွေလမင်း

ထွန်းလင်းတာရာ၊ ကြတ္တိကာ

ရောင်ဖြာရွှန်းလက်၊ ဝင်းဝင်းလက်

လက်တယ်လေ့၊ လက်တယ်လေး။

 

ရာသီဆောင်းလ၊ ပြောင်းခါစ

မြောက်ကလေမြူး၊ နှင်းကလူး

ပွင့်ဖူးမာလာ၊ ခဝဲဝါ

ကြိုင်စွာပျံ့မွှေး၊ ရနံ့အေး

မွှေးတယ်လေ့၊ မွှေးတယ်လေး။

 

ခွဲခြားမရ၊ နေ့နှင့်ည

ဝင်းပအရောင်၊ မီးတထောင်

အမှောင်ဖြိုဖျက်၊ မိုးထိလက်

မပျက်ဆင်နွှဲ၊ မြင်းမိုရ်ပွဲ

နွှဲတယ်လေ့၊ နွှဲတယ်လေး။

 

မသိုးသင်္ကန်း၊ ရက်လှူဒါန်း

ထုံးတမ်းစဉ်လာ၊ မပျက်ပါ

မြို့ရွာရပ်ထဲ၊ ကထိန်ပွဲ

ခြိမ့်သဲဆူညံ၊ ဒိုးပတ်သံ

ညံတယ်လေ့၊ ညံတယ်လေး။

 

ယိမ်းနွဲ့လေတွင်၊ ပျိုးကောက်ပင်

အားအင်ဖြိုးကြွ၊ ဖုံးလုံးကြ

အလှဝေဆာ၊ မြလယ်ယာ

သာမောဖွယ်ပ၊ ရှုမဝ

လှတယ်လေ့၊ လှတယ်လေး။

 

လများ၏နောင်၊ လတန်ဆောင်

ဂုဏ်ရောင်ဘက်မျှ၊ နှိုင်းမရ

စာ့ပန်းချီမှုန်း၊ သီကာကုံး

ဆုံးမည်မထင်၊ လဘုရင်

လွင်တယ်လေ့၊ လွင်တယ်လေး။

ပုရစ်ဖူး(မင်းလှ)

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁။