မြဝတ်ရည်

  • Print

 

မြေဆီဩဇာ၊ အရသာကို

ငုံကာစုပ်ယူ၊ မွှေးမြကြူ၏

ထောက်ကူပံ့လို၊ သစ်မြစ်ညိုက

ကိုယ်တိုင်မသုံး၊ မြတ်နှလုံးဖြင့်

ပင်လုံးဖြာဝေ၊ ပေးပါချေ၏။

 

သစ်မြစ်ပေးသော

မွှေးနံ့သာဆီ၊ မြရေကြည်ကြောင့်

ပင်စည်စိမ်းလန်း၊ ပွင့်ဖူးဆန်းကာ

ပန်းငုံရစ်လည်၊ မြဝတ်ရည်ဟု

စိုပြည်မြနု၊ အလှစု၏။

 

တပင်လုံးက

စုရုံးဖွဖွ၊ ပြုစုကြ၍

မြတ်စွာအသဲ၊ ကျောက်မျက်ရွဲသို့

ငုံခဲစုတည်၊ မြဝတ်ရည်တည့်

ပင်စည်၏ အလှရတနာ။

 

မထိတို့ရက်၊ မသုံးရက်၍

ဆက်လက်တည်ဦး၊ ရက်တို့ကျူးအောင်

ဖူးဖူးမှုတ်ကာ၊ ထားကြပါသော

ငုံလွှာအေးကြည်၊ မြဝတ်ရည်ကို

ဧည့်သည်ပိတုန်း၊ စုပ်ယူသုံး၍

ပြည်ဖုံးချကာ၊ တကမ္ဘာသို့

သယ်ကာဆောင်ကြဉ်း၊ တဇာတ်ခင်းသော်

ရှိုက်ယင်းမှာပင်၊ သံယောဇဉ်ဖြင့်

ပင်စည်လွမ်းမော ကျန်​ခဲ့ပေါ့။

 

အိုမြဝတ်ရည်

ဘယ်ဆီဘယ်ရွာ၊ ဘယ်မှာပါလိမ့်

လွှာရုံမစိမ်း၊ ဇာတ်မသိမ်းပဲ

ယိမ်း၍ မရိုင်း၊ နဂိုတိုင်းသာ

ခြုံသိုင်းစိုပြည်၊ ထုံဝတ်ရည်ဖြင့်

ချိုကြည်ပျံ့မွှေး၊ နဂိုသွေးဖြင့်

ကျန်သေးသည်ဆို၊ ရှိသည်ဆိုက

သင့်ကို တို့က၊ မတွေ့ရလည်း

သောကလျော့ပါး၊ သတင်းကြားဖြင့်

တို့များ ဝမ်းမြောက်နေပါအံ့။

မုံရွာဝင်းဖေ

မြဝတီမဂ္ဂဇင်း၊ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ၊ အတွဲ ၂၇၊ အမှတ် ၁။