ဘယ်ရွာဆိပ်ကမ်း

ချောင်းပြင်မှာ စီတန်းလို့

ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ။

ကမ်းကွေ့မှာခွေ၊ ကမ်းပြေတော့စင်း။

သည်ချောင်းရေ လေမခတ်တယ်၊ စီးတတ်လေခြင်း။


ကျူရိုးရှင် ပီပီမှုတ်လို့

ဘုတ်မကို သူကပြိုင်၊ ချောင်းစပ်မှာထိုင်။

ဘုတ်မကတိုင်၊ ကျူကိုင်ကအေး။

ရေစီးနဲ့လာ၊၊ ရေသာမှာပြန်လို့မြန်းတဲ့

မဗေဒါ စုန်ဆန်ပန်းကို၊ လွမ်းတယ်တဲ့လေး။


စုန်ပါတဲ့ဆန်ပါ။

ကျူရိုးရှင် ပီပီကလေးနဲ့၊ တေးချိုလို့သာ။

ဘယ်မြို့ကလာ၊ ဘယ်ရွာဆိပ်ကမ်း။

အပွင့်အပြာရောင်နဲ့

ဘယ်သောင်မှာ နေချိုအေးလျှင်၊ မှေးအိပ်မယ်မှန်း။

ဇော်ဂျီ

လူ့ရွာကို အလွမ်းဆုံးအချိန်

[လူသားတ​ယောက်၏ရောဂါ ပြင်းထန်စွာ ခံစားရမှု]


(၁)

*လောကတွင်းဝယ်

ပြေးယင်းလွှားယင်း၊ ရုန်းကန်ယင်းဖြင့်

အားတင်းမာန်တက်၊ ခရီးဆက်ပြီး

ရက်ပေါင်းများစွာ၊ နေထိုင်လာရာ

လူ့ရွာသည်လျှင်၊ သံယောဇဉ်ကြိုး

အမျိုးမျိုးရစ်ပတ်၊ အထပ်ထပ်မှ

ဇာတ်ကြောင်းထုပ္ပတ်၊ ဤတွင်ရပ်ပြီ

မှုန်ရီနက်မှောင်၊ ညဉ့်သန်းခေါင်ပင်

မြောက်တောင်ရှေ့နောက်၊ စိတ်ထဲပျောက်ရ

အောက်မေ့တမ်းတ၊ တင်းကျပ်လှပြီ

ရင်ဝရောဂါ ကြီးစိုးနေ။


(၂)

*မာယာစုံသော

လူ့ဘုံဤရွာ၊ ငါရောက်လာစဉ်

ငါတယောက်တည်း၊ မှောင်မည်းမည်းမှာ

ဖော်လည်းမပါ၊ ကိုယ်ဗလာပင်

ခုခါပြန်ထွက်၊ ရှေ့သို့ဆက်မည်

ဤခရီးလည်း၊ တယောက်တည်းပင်

မီးအိမ်မပါ၊ သွားတော့ပါမည်

လင်္ကာပန်းကုံး၊ စာပန်းကုံးလျှင်

သင်တို့အတွက်၊ ငါ့သွေးစက်တွေ

လက်ဆောင်ထားရစ်၊ အမွေဖြစ်လိမ့်

နှစ်ရှည်များစွာ၊ ရေးခဲ့ပါပြီ

အာရုံသိစိတ်၊ ရိုးရိပ်တိတ်မျှ

ရိပ်ရိပ်ပြေးနေ၊ ရောဂါတွေကား

လှိုင်းများသို့ခုန်၊ ဝိုင်းစုအုံပြီ

မုန်တိုင်းကျရောက်၊ ကျွမ်းထိုးမှောက်လဲ

တောက်ခေါက်နာကျည်း၊ အံကြိတ်ညည်းလဲ

သည်းမခံနိုင်၊ ငါ့ရင်ဆိုင်ရ

ဘဝဝိညာဉ်၊ လွင့်စဉ်စုတ်ပြတ်

ရုပ်ဒြပ်ပျက်စီး၊ ရောဂါသည်း၍

မီးတောင်ပေါက်ကွဲ သည်တို့ပင်။


(၃)

*မုန်တိုင်းပြိုသော်

တကိုယ်လုံးလျှင်၊ သည်းခိုက်ကျင်ပြီ

ကြင်သူခင်သူ၊ မြတ်နိုးသူတို့

ရင်ပူလောင်ကျွမ်း၊ ပွင့်ခမန်းပါ

လွမ်းမိုးဝေဒနာ၊ ပြင်းပြစွာပင်

လူ့ရွာလူ့ဘောင်၊ မေတ္တာဆောင်ပါ

တောတောင်ရေမြေ၊ ပန်းဝေဝေရယ်

နေလ လမင်း၊ ဖေါ်တသင်းတို့

လွမ်းချင်းရတု၊ သီဖွဲ့ပြုဆို

ရင်ထုရှိုက်ငို၊ ရင်သိမ့်ဖိုကြ

မှိုင်းညိုအုံ့ဆင်၊ အမှောင်ပြင်ကြီး

အမြင်ကွယ်သွာ၊ မှုန်ဝါးဝါးပြီ

စကားနှုတ်ဟ၊ ဖွင့်မရဘူး

နှုတ်ကမေးခိုင်၊ ရောဂါအိုင်မှာ

ခွေယိုင်နစ်မြုပ်၊ လက်ပန်းပြုတ်ကျ

မလှုပ်မယှက်ခံရနေ။


(၄)

*ရောဂါကြီးပြီ

ဖိစီးနှိပ်စက်၊ ခန္ဓာပျက်နေ

ဤရက်ကာလ၊ ကြုံကြိုက်ရပြီ

ဘဝတဝက်၊ လမ်းတဝက်မှ

ထွက်ခွာရချိန်၊ သောကအိမ်ဝယ်

သိမ်ငယ်ညှိုးနွမ်း၊ သည်အခန်းမှ

လမ်းခရီးရှည်၊ သွားဦးမည်လေ

ဤအခါဝယ်၊ ငွေဖြူကြယ်တို့

ရှေ့ဝယ်လမ်းပြ၊ တူညီကြလိမ့်

​မဟာ့မဟာ၊ စကြဝဠာမှာ

လဟာပြင်နယ်၊ အပြောကျယ်ပေ

နယ်မြေမဆုံး၊ လမ်းမဆုံးနိုင်

အဆုံးအစ၊ မရှိကြပါ

အနန္တအသင်္ချေ၊ ကမ္ဘာတွေဝယ်

ရှာဖွေရပ်နား၊ ကွန်းခိုသွားမည်

အားလုံးကိုလျှင်၊ မသိချင်တော့

ဝင်သက်ထွက်သက်၊ နှာဝထက်ဝယ်

ငြိမ်သက်ချုပ်ငြိမ်း ရပ်တော့မည်။။


(၅)

*ဤဒုက္ခတွေ

နှိုင်းမရအောင်၊ အပျက်ဆောင်ပြီ

ပူလောင်နှိပ်စက်၊ ဘဝဖျက်ပြီ

မျက်ရည်စက်လက်၊ အပြောခက်ရ

စိတ်မှနှုတ်ဆက်၊ ဝိညာဉ်ထွက်ချိန်

ပင့်သက်ဖိုလှိုက်၊ တရှိုက်ငင်ငင်

ရင်တုန်မောပန်း၊ ဆီမီးခန်းနေ​

ကြေကွဲဝမ်းနည်း၊ တဘဝပြီးပြီ

ကြီးမားမရဏ၊ အုပ်စိုးကြပြီ

ဘဝနိဂုံး အလွမ်းဆုံး အချိန်။ ။


ထီလာစစ်သူ
စာပေလုပ်သားမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ မေလ၊ အမှတ် ၁၊ နှာ ၉၆-၉၇။


ယဉ်ကျေးမှု

တပင်အခက်၊ တပင်ယှက်ဟု

ကန့်ကွက်မရ စကောင်းချေ။


တခုအနွယ်၊ တခုတွယ်ဟု

ချုတ်ချယ်မရ စကောင်းချေ။


ငါ့ယဉ်ကျေးမှု၊ သူမတုရ

သူ့ယဉ်​ကျေးမှု၊ ကိုယ်မတုရ

ဥပဒေသတ်၊ စည်းရိုးခတ်၍

ပညတ်သော်လည်း၊ အချည်းစည်းတည့်

ဒီးဒီးသွင်သွင်၊ ရေအလျဉ်ကို

ပိတ်ပင်မရ တတ်ပါလေ။


ကောင်းသည်ကိုယူ၊ မကောင်းမူက

ပယ်ချစွန့်ပစ်၊ ယင်းအုတ်မြစ်ဖြင့်

အသစ်ရွေးနုတ်၊ အနှစ်ထုတ်သည့်

လက်ငုတ်မပြို၊ အစိုမခြောက်

အခြောက်မထိုင်း၊ ဗျိုင်းလည်းနားစေ

ရှဉ့်လျှောက်စေသော၊ သည်သဘောကို

နက်နောဆင်ခြင်၊ သတိငင်ပါ။


ယူတော့ယူ၏

တုတော့တု၏

မြန်မာမှုဖြင့်၊ ပြုစုမွမ်းမံ

ကိုယ့်ဟန်ဖြစ်ရ၊ ပမာပြသော်။


မြဝတီနှင့်၊ ပြင်စည်မင်းသား

ပျိုးထားမြေတောင်၊ ဂီတဘောင်၌

အရောင်ရိုးရဲ၊ ထွန်းသစ်မြဲသော။


ရွေ,နှင်း,တော,မြိုင်,၊ ပန်း,ခိုင်,မှော်,မှိုင်း

ခြားပိုင်းဆစ်သင့်၊ ပန်းရှစ်ပွင့်သည်

ထွတ်မြင့်နံ့ကြွယ်၊ ပန်းသဉ်လယ်တွင်

ထယ်တုန်း ဝင့်တုန်း၊ တောက်ပတုန်း။

ယဉ်တုန်း သန့်တုန်း ပျို့မျစ်တုန်း။


ရွေ,နှင်း,တော,မြိုင်,၊ ပန်း,ခိုင်,မှော်,မှိုင်း=ယိုးဒယားသံ ရှစ်မျိုးဖြင့် ဖွဲ့ထားသော ယိုးဒယားသီချင်း ရှစ်ပုဒ်။

(ရွေ)ရွေတညာ                        (ဖရံတင်)

(နှင်း)နှင်းယွန်းခါဟေမန်          (ခက်မွန်)

(တော)တောတောင်စွယ်           (ခမိန်)

(မြိုင်)တောမြုင်ခြေလှမ်း           (ထနောက်)

(ပန်း)ပန်းမြိုင်လယ်                 (ဖရင်းချား)

(ခိုင်)ခိုင်ပန်းစုံ                         (ထပ်တွန့်)

(မှော်)မှော်ရုံဟေဝန်                 (ချွတ်ချံ့)

(မှိုင်း)မှိုင်းမှုံပြာညို                   (ငုငစ်)

ဗန်းမော်ညိုနွဲ့

စာပေလုပ်သားမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ မေလ၊ အမှတ် ၁၊ နှာ ၁၉

ရူပ

*နှင်းဆီငုံပွင့်၊ သင်းထုံရင့်ပေါ့

ပန်သင့်သူကို မျှော်ရှာသည်။


*ဆွတ်ယူပါဆွေ

မကြာမြင့်ချေ၊ ရော်နွမ်းလေက

သံဝေအသီ ဆင်ရမည်။

နုယဉ်

စာပေလုပ်သားမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ မေလ၊ အမှတ် ၁၊ နှာ ၁ဝ၆။

စာဆိုသမုတ် အကျွန်ုပ်သည်

(၁)

သီလဝံသ၊ ရှင်ရဋ္ဌ၏

လောကခြင်းရာ၊ အလွမ်းစာနှင့်

ဇာတကဇာတ် ပျို့မွန်မြတ်ကို

ဖတ်ရှုကြည်ညို၊ စာရိပ်ခိုလျက်

စာဆိုဖြစ်ကြောင်း၊ ကျွန်ုပ်ချောင်းခဲ့။


(၂)

ဥတ္တမကျော်၊ တောရပ်ပျော်၏

စာတော်ပွင့်လန်း၊ တောလားဆန်းသို့

နွေလွမ်းတတ်သူ၊ နွေဦးမြူနှင့်

လေယူရာသွေး၊ ကဗျာတေးကို

ငှက်ကျေးပုံလို၊ ကျွန်ုပ်ဆိုခဲ့။


(၃)

နဝဒေးနှင့်

ပျံ့မွေးသာခေါင်၊ နတ်ရှင်နောင်တို့

စစ်တောင်ပံခတ်၊ စစ်အောင်ရပ်က

ချစ်ရောင်ဟပ်လာ၊ ရတုစာကို

ဖတ်နာပြီးလျှင်၊ စာဈာန်ဝင်လျက်

စာပင်စိုက်ပျိုး၊ ကျွန်ုပ်ခိုးခဲ့။


(၄)

ပဒေသရာဇာ၊ ဘွဲ့ကြိုးတျာသို့

နွေခါမိုးခါ၊ ဆောင်းလခါဟု

သုံးရာသီလုံး၊ တကုန်းကုန်းနှင့်

တရုန်းကန်ကန်၊ တပြန်လဲလဲ

တ​ဝဲလည်လည်၊ တချည်နှောင်နှောင်

တယောင်ကန်းကန်း၊ ဘဝလမ်းတွင်

လွမ်းနာမတွေး၊ ဝမ်းစာရေးကို

ဆိုတေးဖွဲ့ပုံ၊ စာဆိုဂုဏ်ကို

အာရုံဇောမြင်၊ ကျွန်ုပ်ဝင်ခဲ့။


(၅)

ဦးပုညက

လောကလှောင်ချင်၊ ငါလှောင်ချင်ခဲ့။

လယ်တီပုဂ္ဂိုလ်၊ မြတ်စာဆိုက

ကြည်ညိုဖွယ်ရာ၊ ဂမ္ဘီစာကို

ဖွဲ့ပါလေလျှင်၊ ငါဖွဲ့ချင်ခဲ့။

ဆရာမှိုင်း၏

စာဂိုဏ်းထဲတွင်၊ ကျွန်ုပ်ဝင်လျက်

အလင်္ကာရ၊ ခေတ်ဘ​ဝကို

ရွှေမြကြေးမုံ၊ ခြယ်သောပုံသို့

စာဂုဏ်မြောက်စွာ၊ ခြယ်ချင်ပါခဲ့။

ဇော်ဂျီသူမွန်၊ မင်းသုဝဏ်၏

ထူးချွန်စာဂုဏ်၊ စိတ်မှာထုံလျက်

ဒဂုန်တာရာ၊ တေးလင်္ကာသို့

ကဗျာလမ်းသစ်၊ စာလမ်းသစ်တွင်

တဆစ်တကွေ့၊ လိုက်ပါ၍လျှင်

မွေ့မွေ့လျော်လျော်၊ ကျွန်ုပ်ပျော်ခဲ့။


(၆)

စာဆိုမှုတွင်

စုယင်းတုယင်း၊ လှော်ခတ်ယင်းနှင့်

ပန်းခင်းတောဝယ်၊ ဗျာမောကြွယ်စဉ်

ပင်လယ်လှိုင်းပုတ်၊ ညမိုးချုပ်၍

အားယုတ်လေရိုက်၊ ဆည်းဆာမိုက်သော်

ပြုလိုက်ချိန်မှ၊ ရမရကို

မုချမမှန်းနိုင်ပါတကား။ ။

တင်မိုး

စာပေလုပ်သားမဂ္ဂဇင်း၊ ၁၉၈၁ ခုနှစ်၊ မေလ၊ အမှတ် ၁၊ နှာ ၅။