ငှက်မောင်နှံ

နွေဦးပေါက်စ

လှပသော အမွေးအတောင်နှင့်

နှစ်ကောင်သော ငှက်ကလေး

ပျံပြေးဝင်နား၊ သစ်ကိုင်းဖျားမှာ

စကားတီတာ၊ သီကာကြွေးဟစ်

ချစ်တေးကျော့ဆို၊ အဖိုအမ

တွေ့ကြချိန်တွင်၊ မိုးတိမ်စင်၏။။


ငှက်ဖိုကလေး၊ မြီးသေးဆတ်ကေ

ပျံဆော့လွှားခုန်၊ သစ်ကိုင်းဆုံမှာ

သိမ့်သိမ့်ခါ၏။


ငှက်မကလေး၊ မြီးသေးသွယ်ကော့

လည်မော့ခုန်လွှား၊ သစ်ကိုင်းဖျားမှာ

သိမ့်သိမ့်ခါ၏။


နွေဦးလွန်မြောက်၍

ရွက်ခြောက်ကြွေသက်

မြေထက်လေပွေနှင့်

ငွေမင်နားကွပ်၊ ပန်းပွတ်ပတ္တမြား

မြသားနီလာ၊ တိမ်မိုးပြာလျှင်

ညံစာဟစ်ကြွေး

ချစ်တေးသီကျော့ဆို

ငှက်ဖိုနှင့်ငှက်မ

မြူးကြင်စ မောင်နှံ

လေဆန်တိမ်ကြား

တောင်ဖျား တွဲချိတ်လျက်

ပျံထွက်လူးလာ၊ နားခိုရာ ရိပ်မြုံ

ဆောက်အုံရက်တည်

သိုက်ချီကာ ရွှင်မြူးလျက်။ ။

နုယဉ်

ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၇၂ ခုနှစ်၊ ဇွန်လ၊ အတွဲ ၂၆၊ အမှတ် ၃ဝ၁၊ နှာ ၆။

ချုပ်ငြိမ်းခြင်း၏တပိုင်းတစ မြင်ကွင်း

ဖျားသွေးကျ၍

ခေါင်းမ,ထူကြည့်နိုင်လေပြီ။


ငါ့နံဘေးမှ

သွေးပိုက်တန်းလန်း၊ အော်ယောင်ယမ်းသည့်

ငန်းဖျားလူနာ၊ ဘယ်ရောက်ပါလိမ့်

သေရှာပြီမို့ မတွေ့သလော။။


လူနာကုတင်၊ ဟင်းလင်းမြင်ရ

သွေးစညိုနက်၊ မွေ့ရာထက်မှာ

စွန်းကွက်အပြောက်၊ ပန်းခက်ခြောက်ကြွေ

ညောင်ရေအိုးမှ၊ ဝဲလွင့်ကျသည်

ဘဝတခု ဆုံးခြင်းနိမိတ်။ ။

ဒေါင်းနွယ်ဆွေ(၂၆-၄-၇၂)(လုပ်သားဆေးရုံကြီး)

ရှုမ​ဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၇၂ ခုနှစ်၊ ဇွန်လ၊ အတွဲ ၂၆၊ အမှတ် ၃ဝ၁၊ နှာ ၄။

သီဟိုဠ်ဘုရားဖူး

စိတ်ကောင်းစေတနာ အခါတိုးသည်၊ သဒ္ဓါမညှိုးပြီ၊ မိုးကုတ်မြို့ဌာနီ၊ စိန်ကောင်း ကျောက်ကောင်းနဲ့ အပေါင်းခြယ်စီ၊ တသိန်းကျော်ကျော်တန်သည်၊ ပတ္တမြားစိန်ဖူးအတည်၊ မဟာစေတီကို ရည်မှန်းပြီး လှူဒါန်းလိုက်လေသည်။

သီဟိုဠ်ကျွန်းမှာ ထွန်းတဲ့ရောင်ခြည်၊ တိလောက ဓမ္မသရီ၊ ပရိဘောဂ ရွှေစေတီ၊ နှုတ်စိတ်က ဆွေရည်၊ ဥဒ္ဒိဿရွှေစေတီ၊ ရည်မှန်းကာ လှူဒါန်းရသည်၊ ဓာတုစေတီ ဓမ္မစေတီတွေ၊ ဘုရားမွေသရီ ကိန်းအောင်းမွေ့လျော်တည်။

သေသေချာချာ စေတနာရွှင်ကြည်၊ အကျိုးကြီးမယ့် သဒ္ဓါတွေညီ၊ တန်ခိုးကြီးတဲ့မဟာစေတီ၊ ရောက်ဖူးအောင်လည်း၊ သွားကာဖူးမည်၊ စိတ်ကြည်နူးသည်၊ အနုရာဓမြို့တော်သည်၊ ဒုဋ္ဌဂါမဏိမင်းကြီးကိုယ်တိုင်တည်။

[မဟာစေတီ တောင်းဆုပြည့်သည်၊ သဒ္ဓါကြည်နူးစွာ ဘုရားဖူးသွားတော့မည်။]

ဒါနပါရမီ တကယ်ပင် ရွှင်ကြည် တတ်အားသမျှကို ကျွန်မက လှူပါမည်၊ စိန်ပါတီ ကြည်ညိုလွန်းလို့ သီဟိုဠ်ကျွန်းသို့ ဘုရားဖူးသွားမည်၊ လိုက်ခဲ့ကြပါအတည်။

မိုးကုတ်မြို့က စည်းလုံးညီ၊ တကယ်ပင် လှူဒါန်းသည်၊ ထူးထူးခြားခြား တရားနဲ့သာ စေတနာစိတ်ထားကြည်၊ စာရင်း ပြကာ အမှန်ကိန်းရမှာ တသိန်းမကအောင်တန်ပါသည်၊ နဝရတ်ကိုးပါးနဲ့ ထင်ရှားခြယ်စီ ထူးမြတ်တဲ့ရတနာကောင်း တွေ အပေါင်းစုံညီ၊ ဝင်းဝင်းထိန်လို့ စိန်ဖူးရောင်ခြည်၊ အဖိုးတန် အမျိုးမှန် အဖိုးတန်တွေ စုံစုံညီညီ၊ ပတ္တမြားလုံးရေ သုံးထောင်ခြောက်ရာကျော်ပေသည်။

[စည်းစိမ်ဥစ္စာ မခင်မင်ပါသည်၊ ယခုလို ကုသိုလ်စေတနာကိုရည်၊ နိဗ္ဗာန်ကိုရည်မှန်းလို့ တကယ်ပဲ လှူဒါန်းလိုက်တော့ သည်။]

အထူးပင်သဘော ဖူးချင်ဇော မနောစိတ်ထား တရားနဲ့သာညီ၊ စိန်ပါတီ ကြည်ညိုလွန်းလို့ သီဟိုဠ်ကျွန်းသို့ ဘုရား ဖူးသွားမည်၊ လိုက်ခဲ့ကြပါအတည်။

ရေး-ရွှေတိုင်ညွန့်

ဆို-စိန်ပါတီ

သီဟိုဠ်-ယခု သီရိလင်္ကာနိုင်ငံ

သပြေတေးမဂ္ဂဇင်း၊ ၁၉၈၃ ခုနှစ်၊ ဩဂုတ်လ၊ အမှတ် ၁ဝ၅၊ နှာ ၉၃။


ရှေးဟောင်းပန်းချီသုတေသန

ရှေးဟောင်းပန်းချီ​၊ သုတေသီပေါ့။

ငါသုတေသီ၊ ရှေးပန်းချီနောက်

တကောက်ကောက်နဲ့၊ ရောက်ခဲ့ပါ​ပကော

စေတီတွေပေါ၊ စေတီတော။


ရှေးမြို့အပါး၊ စေတီပေါတဲ့

သစ်တောကြားမှာ၊ ဘုရားစေတီ

အနီအညို၊ အပြိုအပျက်

အအက်အကွဲ၊ ရေညှိစွဲတဲ့

မဲမဲစိမ်းစိမ်း ငုတ်တိုများ...။


ဘုရားဂူတွင်း၊ ချုံနွယ်ရှင်းပြီး

အတင်းတိုးကာ၊ ဝင်လိုက်ပါသော်

ရလာပထမ လင်းနို့နံ့။


မျက်နှာကျက်နှင့်၊ လေးဖက်လေးတန်

နံရံမှာကား၊ ပန်းချီများ...။


နံရံပန်းချီ၊

အနီအပြာ၊ အဝါအညို

အစိုအခြောက်၊ အငေါက်အညွန့်

အတွန့်ဖြာကြဲ၊ ဝဲဝိုက်လျှံ။


ရှေးဟောင်းပန်းချီ...

ကပီဂဇာ၊ နာရီကနုတ်

စုတ်ချက်သေးသေး၊ အကွေးအဝိုက်

သိုက်မြိုက်မြိုင်။


ကြမ်းပြင်မှာကား...

ဘုရားဆင်းတု၊ ဇမ္ဗုပတိ

ဒက္ခိဏသာခါ၊ ဟိုမှတဆူ

ဒီတဆူနဲ့၊ မဲဖြူညိုနီ

လင်းနို့ညှီလှ၊ ဒီမှာတဆူမံဘုရား။


မံဘုရားတွင်၊ မံပလ္လင်၌

မင်စာရှေးစာ၊ ပန်းခက်ပါလို့

ကြည့်ပါမည်တကား၊ အလျင်သွားပြီး

ဘုရားဆင်းတု မ,လိုက်ရာ...။


ဟာ...! ဥစ္စာစောင့်လား?၊ သိုက်စောင့်လား?

ဘွားကနဲခေါင်းထောင်၊ မြွေတကောင်။


အဲ...အဲဒီတုန်းက

ငါ့ခမျာလျှင်၊ အပြေးလျင်လို့

မလျင်လျှင်ကား၊ နှောင်းလူမျိုးတို့

ဘုရားတွင်းက၊ လူရိုးရလို့

တွေးရတောရ၊ သုတေသနနဲ့

ဒုက္ခပိုအုံးတော့မှာပေါ့။

မောင်စွမ်းရည်

မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှစ်လည်စာစောင် ၁၉၆၈-၆၉ နှစ်၊ စာ​စောင်အမှတ် ၁၊ နှာ ၉။

အပယ်ရတနာဘုရားမှာ လွမ်းစရာ

ညီသစ်ဆင်း

မင်းရောက် မြင်းကပါ၊ အပယ်ရတနာကို

သဒ္ဓါကြည်ညို၊ ဖူးခဲ့ဆို၏

ထိုရပ်စကား၊ ကျန်စစ်သား၏

မိဖုရားမှာ၊ အပယ်ရတနာဟု

နာမဘွဲ့တူ၊ အပယ်ရတနာဟူ၍

ဂူတည်လာရ၊ ကြောင်းစွန်းစကို

ပြောကြအစဉ်၊ ပြန်ပြောချင်ဟု

ကြင်နာစရာ၊ လွမ်းစရာဟု

ဆိုလာမင်းက၊ မင်း ရှင်းပြမှ

ငါ့မှာ သိရ လွမ်းချင်လှ။


အစ်ကို လွမ်းစရာ၊ ဆိုချင်ပါ၏

ကြားလာသမျှ၊ ရှင်းပြလိုလား

ညီအကြားတွင်

မင်းသားကျန်စစ်၊ စောလူးခေတ်၌

မင်းသစ် မြှောက်စား၊ မြို့ရွာစားတည့်

ထင်မှားခံရ၊ ကုန်းချောကြ၍

ခေလှသူ့ကံ၊ စောလူးမာန်ကြောင့်

ခြွေရံစည်းစိမ်၊ အိုးအိမ်စွန့်ရ

ပုန်းရှောင်ရသည်

ခေတ္တ ခိုကပ် မြင်းကပါရပ်။


ထိုခါစွန့်စား၊ တရက်ခြားတွင်

သက်ထားကြင်ရာ၊ ပယ်ရတနာသည်

လိုက်လာရုပ်ဖျောက်၊ မြင်းကပါရောက်၏

အထောက်မတန်

ကျန်စစ်မင်းသား၊ မြင်းကျောင်းသမားသို့

ရွာသားဟန်ပြ၊ ယောင်ဆောင်ရ၏

ပီယရတနာ၊ ထမင်းဟင်းလျာကို

ပို့လာလေဟန်၊ သူ ကြံဖန်သော်

မောင်နှံတွေ့ကြ၊ ရွှင်အားရ။

​ခမျာ ဆံမြိတ်ချ တမျိုးလှ။

ခေါင်းချင်းဆိုင်ကြ တီးတိုးကြ။

အောက်ပြည် ဒလ ဆင်းရန်ပါ့။

လောကနန္ဒ ဆိပ်ကမ်းမှ။


မင်းသားကျန်စစ်၊ မင်းကြီးဖြစ်သော်

ငယ်ချစ်ကြင်ရာ၊ အပယ်ရတနာကို

တောင်ညာတင်ထား၊ မိဖုရားတည့်

ခမ်းနားကြီးစွာ၊ များဗိုလ်ပါနှင့်

အခါတပါး၊ ယာဉ်ရထား၌

နှစ်ပါး တူယှဉ်၊ ခြေတော်တင်၍

တောင်ပြင် ထွက်ချီ၊ မြင်းကပါဆီတည့်

ဤတွင်ရပ်နား၊ မိဖုရားနှင့်

ရထားမှသက်၊ လှမ်းမျှော်လျက်ပင်

ရွှေလက်ဆွဲကာ၊ ရွှင်မျက်နှာနှင့်

နေရာဟောင်းဆီ၊ ရောက်ကြပြီတည့်

ပတ်လည် ရှားစောင်း၊ အကာကောင်းနှင့်

ထနောင်းခြေရင်း၊ မြင်းကျောင်းကွင်းသို့

ထမင်းပို့လာ၊ ဆုံခဲ့ရာတည့်

သေချာသောခါ၊ ထိုနေရာ၌

အပယ်ရတနာ မည်သား၊ ဂူဘုရားကို

တည်ထားစေလို၊ ကျွတ်ဆုဆိုဟု

ခွန်းချိုမွှေးကြူ၊ မိန့်တော်မူသည်

အေးတူပူမျှ အတိတ်က။

ဖူးလာတိုင်းပါ့ သတိရ။

လွမ်းစရာပါ့ သူတို့ဘဝ။ ။

ဇော်ဂျီ
ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၄ ခုနှစ်၊ ဧပြီလ၊ အတွဲ ၃၇၊ အမှတ် ၄၄၃။ နှာ ၃၄-၃၅။