အေးမြစေ

အလှကို ဆင်၊ ယဉ်စေဖို့ အရေး

အလှတွင် အယဉ် ဆင့်

တင့်စေဖို့လေး။


အပြုံးကို ဆင်၊ ရွှင်စေဖို့ အရေး

အပြုံးတွင် အရွှင် ဆင့်

တင့်စေဖို့လေး။


အလှနှင့်အယဉ်

အရွှင်နှင့်အပြုံး

ဆင်ဦးတော့ ချစ်သူဆွေ။


တို့တတွေ နေလာကြ

ဘဝရယ် တိုတိုလေး

အေးငြိမ်းစို့လေ။


လောဘ မာနနှင့်

ဒေါသမီး လျှံလို့ဝေ

ပူပေစွ ဘဝစခန်း။


အရုပ် မဆိုးချင်နှင့်

ရုပ်ညှိုးကို ယဉ်အောင် ဆင်၍

နှလုံးတွင် ရေစင် ဖျန်းကာပ

စိတ်ကြမ်းတွေ တော်ရာလွှင့်လို့ရယ်

တင့်လိုက်ပါစမ်း။ ။

နုယဉ်
ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၄ ခုနှစ်၊ ဧပြီလ၊ အတွဲ ၃၇၊ အမှတ် ၄၄၃။ နှာ ၈။

ဘယ်လမ်းသာလို့တွင်

လောဘ မှောင်မိုက်

ဒုစရိုက် အဝိဇ္ဇာ

သမုဒ္ဒရာ တခွင်...၊  လှိုင်းပြာပြင်ဝယ်...


ဆင်သေကောင်ထက်၊ နားလျက် လိုက်စီး

လောဘကြီးစွ၊ ထိုကျီးဇာတ်ဆုံး

နိဂုံးဘယ်သို့ လှအံ့နည်း။


ကျွန်းပင်ထက်မှ

သစ်တောက်ငှက်လျှင်၊ ကျွန်းရွက်​ချခြွေ

စမ်းရေတွင်လူး၊ ကူးဖက်နားတွယ်

အသက်ကယ်ခဲ့၊ ပျားငယ်တကောင်

တောင်ပံစိုရွှဲ၊ ရိုက်ခတ်ဝဲကာ

တိမ်ထဲ လေဆန် ပျံတက်ပြီ။


နားသူချင်းသာ

တူခဲ့ပါလည်း၊ မူမှာကွဲပြား

လောဘသားနှင့်၊ ခိုနားတွယ်ဖက်

အသက်တချောင်း၊ ရှင်စေကြောင်းသာ

ကျီးမှာ ကျီးမိုက်၊ စရိုက်ခြားနား

စွန့်စားပျားငယ်၊ တုယူဖွယ်တည့်

ဘယ်လမ်းလိုက်လျှင်၊ ခရီးတွင်လိမ့်

အသင် ရွေးချယ်တတ်ဖို့ လိုလေပြီ။ ။

ဒေါင်းနွယ်ဆွေ

ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၄ ခုနှစ်၊ ဧပြီလ၊ အတွဲ ၃၇၊ အမှတ် ၄၄၃။ နှာ ၆။

 

လဝန်းငွေစန္ဒာ

တတမ်းတတ၊ လကွယ်ညက

ဆန်းစလကို၊ မျှော်လင့်ကြိုမိ


မိုးသက်လေနှင့်၊ ငွေမင်အုံ့ဆိုင်း

ရစ်သိုင်းမည်းမှောင်၊ သန်းခေါင်လေလား

ထင်ရိုးမှားခိုက်၊ မိုးသားအမိုက်

ရွာလိုက်သည်းလိုက်၊ ထစ်ချုန်းလိုက်နှင့်

တုန်ခိုက်တုန်ယင်၊ နေမရွှင်ချေ


ဆိုးစွာသောည၊ ညပေါင်းများစွာ

မှောင်မိုက်လာခဲ့၊ လဝါထွန်းပ

ဆန်းသစ်စကို၊ တောင့်တချိန်မီ

သာလေမည်လား၊ ယုံကြည်ရင်တွင်း

မျှော်ရင်းတရင်း၊ စောင့်ကြိုရင်းမှ

လမင်းငွေစန္ဒာ၊ ထွန်းပလာပေါ့


သာပါလေဦး ဖိုးရွှေလ

မျက်ရည်စိမ့်လျက် ပီတိကျ

တမ်းတ,နွမ်းလျ လွမ်းပြေရ။ ။

နုယဉ်

စန္ဒာရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၉ ခုနှစ်၊ ဇွန်လ၊ အမှတ် ၂၃၅။

MOUNT POPA တောင်တော်ရွှေပုပ္ပါး

In my childhood one day morning,

I saw an unforgetable Drawing.

My mother lifted me and put me on her

shoulder, and asked, "Can you see

Mt. Popa - my son-dear."

I raised my head and looked

towards the east,

After that, I saw three blue tops among

The "Htan-trees".

It was the first sight of Mt.Popa

in my life,

Since then it always stay

in my heart alive.

It stands alone but in much grace,

The most beautiful face of my native place.

White clouds kiss it's blue-tops of ten,

Marking pretty picture more prettier

now and then.

On the western end there lies a small hill,

A neck-of-earth single

And upright standing,

It is called "Taung-Ka-Latt",

Many Pagodas and "Nat-Kuns" are there

To worship and to watch.

Its "Nats" are famous and powerful,

And have been widely worshiped by

the local people.

Mt. Popa is surrounded by

The evergreen forest,

Aiding plantation and farming

for good harvests.

To visit there is a great pleasure

Of everbody,

And it's graceful image never

Departs from me.

Aung Soe

ကလေးဘဝက မနက်တစ်ခင်းမှာ

မမေ့နိုင်တဲ့ ဆေးပန်းချီပါ

အမေက ပခုံးမှာ ငါ့ကို တင်ပြ ပြောခဲ့ရှာ

"သားလေး ကြည့်စမ်း၊ မြင်ရဲ့လား၊ အဲဒါရွှေပုပ္ပါး"

ငါက ခေါင်းမော် အရှေ့ဆီမျှော်လေလျှင်

ထန်းပင်တွေကြားတွင်၊ တောင်ထွတ်ပြာပြာ သုံးခုမြင်

အဲဒါ ဦးဆုံးပင်

ထိုစဉ်ကတည်းက ရင်ထဲတွင်၊ ပုပ္ပါးတောင်တော်ရှင်

တောင်တော်ထီးတည်း ရပ်တည်နေ

ခန့်ထည်ကျက်သရေ

ငါ၏ချက်ကြွေ မွေးရပ်မြေ၊ အလှမျက်နှာပေ။

တောင်ထွတ်ပြာပြာ၊ တိမ်လွှာနမ်းလေလျှင်

ပို၍ပို၍ လှရုပ်ဆင်

အနောက်စွန်းတွင် ခပ်မတ်မတ်၊

လည်ရစ်ကလေးလိုရပ်

ခေါ်ကြ တောင်ကလပ်။

စေတီပုထိုး နတ်ကွန်းတွေ

ကိုးကွယ်ဆည်းကပ် စောင့်ကြပ်​စေ

တောင်တော်နတ်တွေ လွန်ကျော်ကြား

တန်ခိုးစွမ်းပကား၊

နယ်သူနယ်သား တင်မြှောက်စား။

စိမ်းလန်းစိုပြည် သစ်တောတွေ

တောင်ပုပ္ပါးကို ဝန်းရံနေ

ဥယျာဉ်ယာမြေ စိုက်ပျိုးခင်း

အောင်ပါဘိခြင်း အောင်ဘိခြင်း

ရောက်လာသူတိုင်း ကြည်နူးစိတ်

ပုပ္ပါးပုံရိပ် ပုံနိမိတ်

ငါ့ရင်ထဲမှာ စွဲမြဲချိတ်။

မြန်မာပြန်-အောင်သင်း

နဝဒေးရသစုံစာပေမဂ္ဂဇင်း၊ ၂ဝဝဝ ပြည့်နှစ်၊ စက်တင်ဘာလ၊ အမှတ် ၉၊ နှာ ၁၂။

တာပိန်ခရီးသည်

တောင်တန်းညို ပြာချိတ်တော့

ချောင်းရိပ်က အနက်ခြယ်

ချောင်းရိုးကသွယ်

ပေါင်းမိုး အပြာပြယ်နဲ့

ခရီးသွယ်(သည်) ဘယ်စခန်းဆီထိ

ရောက်မည်သိမှန်း

​ဗန်းမော်ညိုနွဲ့

စန္ဒာရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၉ ခုနှစ်၊ ဇွန်လ၊ အမှတ် ၂၃၅။