ကိုက်

ကိုက်


ကိုက် (ကြိ)

(၁)ပေါက်ပြဲ၊ ကျိုးပဲ့၊ ပွန်းပြတ်၊ ကြေမွအောင် သွားဖြင့် ဖိညှပ်သည်။

(၂)နှုတ်သီးဖြင့် ညှပ်ထားသည်။ "သစ်ကိုင်းသေကို ကိုက်၍ နားချေသည်။" နူ။ ၉။

(၃)ခြင်ကဲ့သို့ နှုတ်သီးချွန်၍ ထိုးသည်။

(၄)မြွေကဲ့သို့ အစွယ်ဖြင့် ပေါက်သည်။

(၅)ကတ်ကြေး စသည်ဖြင့် ဖြတ်သည်။

(၆)အခံခက်သော ဝေဒနာမျိုးကို ခံစားရသည်။ "​သွေးများ၍နေလျှင် ထိုအနာ ရင်း၏။ ကိုက်၏။" ပဏ်။ ၇၈။

(၇)သင့်လျော်ညီညွတ်သည်။ "မှန်းခြေနှင့်မကိုက်။" ထေရာ။ ဒု။ ၁၁။

(၈)စွဲငြိသည်။ "တွင်စုတ်၍ မကိုက်ဘဲ ကွာ၍ ကျသည်။" မြွေ။ ၁၆၄။


ကိုက် (နာမ်)

(၁)ပြုတ်တူ။

(၂)လှေတွင် လက်ဝဲ လက်ယာ ကြွက်လျှောက်အစုံကို ချုပ်ထားသည့်သစ်သားတန်း။

(၃)သတ္တုပြားကို ဖြတ်ရသော ကတ်ကြေးကြီးတစ်မျိုး။

(၄)သစ်သားကို အချောတိုက်ရသော လက်သမားကိရိယာတစ်မျိုး။

(၅)သံကို ခြစ်ရသော ပန်းပဲကိရိယာတစ်မျိုး။

(၆)နို့ဆီဗူး စသည်ကို ဖောက်ရသော ကိရိယာ။


 ကိုက်ညီ

တိုက်ဆိုင်ညီညွှတ်သည်။ သင့်လျော်သည်။


ကိုက်ထိုး

ဓား၊ သင်ဓုန်း စသော သံထည်များနှင့် သစ်သား စသည်တို့ကို ပြော့ကြောင်း ထိုးသည်။


-ဆက်ရန်-

ကောက်

ကောက်


ကောက်မျိုး ဆယ်ပါး

(၁) ဖွတ်မြီး

(၂) နမသလေး

(၃) ငှက်ပျောညွန့်

(၄) ဂေါတာ

(၅) အံ့ပေါ

(၆) မယ်စော

(၇) သလဲဖြူ

(၈) ပြစ်ထူ

(၉) ရွှေအပ်

(၁ဝ) ဆန်ဖြူကြမ်း (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)


ကောက်၊ ဦး၊ အတွင်းဝန်

ဦးကောက်သည် သာယာဝတီမင်းလက်ထက်တွင် အတွင်းဝန်ရာထူးဖြင့် အမှုထမ်းခဲ့သူ ဖြစ်သည်။ မင်းကြီးမဟာနော် ရထာဘွဲ့ ရရှိခဲ့ပြီး အင်းဝမြို့စား ဖြစ်ဟန်တူပါသည်။ (ကုန်းဘောင်ခေတ် မင်းမှုထမ်းများ အဘိဓာန်-တင်နိုင်တိုး)


ကောက်သင်းကောက်သည် (အကြွင်းအကျန်များ စုပေါင်း သိမ်းဆည်းသည်)

ကောက်ပင်များ ရိတ်သိမ်းပြီးနောက် လယ်ကွက်များတွင် လွတ်ကျန်နေသော စပါးနှံ၊ မိတ်ကျသော စပါးနှံစသည့် စပါးနှံ အနည်းငယ်စီကို အနှံ့အပြား လိုက်လံသိမ်းဆည်း စုဆောင်းသည်ကို ကောက်သင်း ကောက်သည်ဟုဆိုသည်။ ထိုသဘောကို တင်စားလျက် မည်သည့်အရာမဆို နေရာများစွာမှ လိုက်လံကောက်သိမ်း စုဆောင်းယူသည်ကို ကောက် သင်းကောက်သည်ဟုဆိုသည်။ ကောက်သင်းကောက် ဝယ်သည်ဟူ၍လည်းကောင်း အစီအစဉ်မရှိ ကြုံရာကို ကောက် ငင်၍ ပြောသည်ကို ကောက်သင်းကောက် ပြောသည်ဟူ၍လည်းကောင်း ဆိုသည်။ (မြန်မာဘန်းစကား-လှသမိန်)


ကောက်ရိုးမီး (တခဏလျှင် ကြီးပွားဖြစ်တည်သောအရာ)

ကောက်ရိုးပုံကို မီးရှို့သောအခါ မီးသည် ဟုန်းကနဲ ထလျက် မီးတောက်ဖြစ်လွယ် ကြီးပွားလွယ်လေသည်။ သို့ရာတွင် ကောက်ရိုးသည် ခေါင်းပွပစ္စည်းဖြစ်၍ ခဏချင်း ကျွမ်းသွားပြီး ကြီးမားသော မီးတောက်မှာ လောင်စာ မရှိသောအခါ ပြန်၍ ငြိမ်းသေ ပျောက်ပျက်သွားရလေသည်။ ထိုသဘောကို တင်စား၍ တခဏတာမျှ ပေါ်လွင် ထင်ရှားကြီးကျယ်၍ ကာလကြာရှည် မတည်မြဲသော အခြင်းအရာ၊ ပုဂ္ဂိုလ်၊ ဇွဲလုံ့လ စသည်တို့ကို ကောက်ရိုးမီး ဟုသမုတ်သည်။ (မြန်မာ ဘန်းစကား-လှသမိန်)


-ဆက်ရန်-

ကက်

ကက်


ကက်

တင်းဝင်သော တောင်းကြီး။ ယင်းချင့်ဝန်။


ကက်

(၁)အဖြူ အနီ အပွင့်များဖြင့် တစ်ဘက်တွင် မှတ်ထားသော အုတ်ချပ်ပုံ သစ်သားပြားငယ် ၆၄ ပြားဖြင့် ဖဲကစားနည်း။

(၂)ယင်းသစ်သားဖဲ ၆၄ ပြား တစ်စုံ။

(၃)အဖြူဆယ်ပွင့် အနီတစ်ပွင့်ပါသော ဖဲချပ်။


ကက်ကက်လန်

ကက်ကက်လန်/ဆူညံရိုင်းပျစွာ။


ကက္ကာရုနတ်ပန်း

မြန်မာ့တေးကဗျာတို့တွင် ထည့်သွင်းစပ်ဆိုကြသော ပန်းများတွင် မဉ္ဇူသကနှင့်ကက္ကာရုပန်းတို့သည် ထူးခြားသော နတ်ပန်းများ ဖြစ်ကြသည်။ မဉ္ဇူသကပန်းကို နတ်ပန်းဟု လူသိများသော်လည်း ကက္ကာရုနတ်ပန်းကိုကား အသိနည်း ကြသည်။ ကက္ကာရုနတ်ပန်းသည် (၁၂)ယူဇနာရှိသော ဗာရာဏသီပြည်ကို ရနံ့ဖြင့် လွှမ်းစေသည်။ စတုက္ကနိပါတ် ကက္ကာရုဇာတ်တွင် အောက်ပါအတိုင်း ဖော်ပြထားသည်ကို အကျဉ်းမျှ ပြလိုက်သည်။

ဗာရာဏသီပြည် မင်းယင်ပြင်တွင် ကြီးစွာသော ပွဲသဘင်ကြီးကျင်းပရာ အရပ်ရပ် အပြည်ပြည်မှ လူများသာမက နတ်သမီး၊ နတ်သား၊ နဂါး၊ ဂဠုန် စသည်တို့လည်း ရောက်လာကြသည်။ တာဝတိံသာမှ နတ်သားလေးပါးတို့သည် လည်း ကက္ကာရုပန်းကို ပန်လျက် ကောင်းကင်မှ ရပ်လျက် သဘင်ကို ရှုသည်။ ကက္ကာရုပန်းရနံ့သည် ၁၂ ယူဇနာရှိသော ဗာရာဏသီ တပြည်လုံး မွှေးကြိုင်စေသည်။ လူအပေါင်းတို့သည် ကက္ကာရုနတ်ပန်းကို ရလိုကုန်သည် ဖြစ်၍ တောင်း သည်။ နတ်သားများက ပဉ္စသီလကို မကျိုးမပေါက် ဆောက်တည်သူမှသာ ပန်ဆင်ထိုက်ကြောင်း ဖြေသည်။ သီလနှင့် မပြည့်သဖြင့် မည်သူမှ မရကုန်။ ဤတွင် မင်း၏ဆရာ သီလမဲ့သော ပုရောဟိတ်ပုဏ္ဏားသည် နတ်တို့အား လှည့်စား၍ ပဉ္စသီလနှင့်ပြည့်စုံသူ ဖြစ်၍ နတ်ပန်းကိုသာ ပေးရန် တောင်းသည်။ ပုဏ္ဏား၏အဖြစ်မှန်ကို သိလျက်မှ နတ်သားတို့ သည်လည်း ပန်းကို ပေး၍ ပြန်သည်။ ပုဏ္ဏားလည်း နတ်ပန်းကို ဦးခေါင်းတွင် ပန်ဆင်သည်နှင့်တပြိုင်နက် မီးစ လှံတံ တို့ဖြင့် ထိုးနှက်ဘိသကဲ့သို့ ဦးခေါင်းကွဲလုမတတ် ဝေဒနာ ခံစားကြရသည်။ သီလမရှိဘဲလျက် ရှိလေဟန် လည်ဆယ် မိသော ၄င်း၏အမှားကို ဖွင့်ဟဝန်ခံလျက် ဟစ်ကြွေး အော်မြည်နေရသည်။ ၇ ရက်မြောက်နေ့တွင် နတ်သားလေးပါး ရောက်လာပြီး ကက္ကာရုပန်းကို ပြန်ယူသွားသည်တွင်မှ ပုဏ္ဏားလည်း ဝေဒနာမှ ကင်းလွတ်သည်။ ပန်း၏ရနံ့လည်း ပျောက်ကွယ်သည်။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)




-ဆက်ရန်-

ကုက်

ကုက်


ကုက္ကလံ

လှေသင်္ဘောတို့၏ရွက်တိုင်ဖျားနှင့်တက်မစင်တို့တွင် လေကြောင်းကို သိရအောင် စိုက်ထားသော ကြက်လျှာတံခွန်။


ကုက္ကုဋ၊ ကုက္ကုဋဝတီမြို့

ကုက္ကုဋဝတီသည် မဒ္ဒတိုင်း၌ တည်ရှိသည့် ရာဇာဌာနီ မြို့တော် ဖြစ်သည်။ မဟာကပ္ပိနမင်း အုပ်ချုပ် နန်းစံ၍ အကျယ် အဝန်းအားဖြင့် ယူဇနာ (၃ဝဝ) ရှိသည်ဟု ဆို၏။ ဤမြို့ကို ခံတပ်မြို့ (ပစ္စန္တိမံ နဂရံ)ဟု ပြောဆိုကြသည်။ ရန်သူတို့ကို စောင့်ကြည့်ရန် မြို့တံခါးပေါက် (၄)ပေါက် ရှိရာသသို့ နေ့စဉ် လူ(၄)ယောက် ပို့ပေးရသည်ဟု ဆို၏။

မဟာကပ္ပိနမင်းသည် မိဖုရား အနော်ဇာနှင့်ဆက်စပ်ပြီး မဒ္ဒတိုင်း၊ သာကလမြို့၊ မဒ္ဒဘုရင်နှင့် ဆွေမျိုး တော်စပ်သည်။ မဟာကပ္ပိနမင်းသည် ကောသလတိုင်း၊ သာဝတ္ထိမြို့သား ကုန်သည်များထံမှ မြတ်စွာဘုရား၏ ဂုဏ်သတင်းများကို ကြားသိရသဖြင့် ချက်ချင်း ကြားသိခဲ့ရာနေရာမှ အမတ်ကြီးများနှင့်အတူ မြတ်စွာဘုရားကို ဖူးမျှော်ရန် ထွက်လာခဲ့ သည်။ မြတ်စွာဘုရားက နံနက်စောစော၌ တင်ကြို၍ သိတော်မူသဖြင့် သာဝတ္ထိမြို့မှ ယူဇနာ (၁၂ဝ) ဝေးသည့် စန္ဒ ဘာဂမြစ်ဆိပ်သို့ ကြွတော်မူ၍ ကြိုဆိုခဲ့သည်။

ကုက္ကု​ဋဝတီမြို့မှ သာဝတ္ထိမြို့သို့ သွားသောလမ်းတွင် ဖြတ်ကူးရသည့်မြစ်ကြီး (၃)စင်း ရှိသည်။ ယင်းတို့မှာ-

(၁)အရဝစ္ဆမြစ်၊

(၂)နီလာဝါဟနမြစ် နှင့် (၃)စန္ဒဘာဂမြစ်များ ဖြစ်ကြသည်။ ကုက္ကုဋဝတီမြို့အနီးတွင် ရှိ၍ စန္ဒဘာဂမြစ်သည် ကောသ လတိုင်းဖက်၌ ရှိနေသည်။ စန္ဒဘာဂမြစ်သည် အိန္ဒိယနိုင်ငံ အနောက်မြောက်အရပ်၌ တည်ရှိသည့် စေနာဘ(Chenab) မြစ် ဖြစ်၏။ ကုက္ကုဋဝတီမြို့နှင့်သာဝတ္ထိမြို့ အကြား ကုန်သည်များ ဖြတ်သန်း ခရီးသွားသည့် မိုင် (၉ဝဝ) ရှည်လျား သည့် လမ်းမကြီး တည်ရှိသည်။ ကုက္ကုဋဝတီမြို့သည် ပါကစ္စတန်(Pakistan)နိုင်ငံ၊ ပက်ရှဝါ(Peshaiwa)မြို့ ဖြစ်နိုင် သည်ဟု ဆိုကြ၏။။ လမ်းခရီး အကွာအဝေး တူညီသောကြောင့် လည်းကောင်း၊ ပက်ရှဝါမြို့၌ ဗုဒ္ဓဘာသာနှင့် အကျွမ်း ဝင်သူများနှင့်စေတီရုပ်ပွားများ ရှိသောကြောင့်လည်းကောင်း ဤသို့ ​ဆိုခြင်း ဖြစ်ကြောင်း အကြောင်းပြကြသည်။

ခေတ်သစ် ပက်ရှဝါမြို့သည် ကြီးမားသည့် ကုန်းမြင့်ပေါ် တည်ဆောက်ထားခြင်းကြောင့် ရှေးခေတ် ကုက္ကုဋဝတီမြို့ ဖြစ်သည်ဟု အများ သဘောတူ လက်ခံကြသည်။ ရှေးဟောင်း သုတေသန ဌာနက ပက်ရှဝါမြို့၌ အဆောက်အဦးပျက် တစ်ခုကို တူးဖော်သည့်အခါ စေတီဖြစ်နေ၍ ထိုစေတီပျက်မှ မြတ်စွာဘုရား ဓာတ်တော် ကြုတ်တစ်ခု တွေ့ရှိကြသည်။ ဒေသခံလူများက ယင်းစေတီသည် ရှားဂျီကီ ဒဟေရီ အမည်ရှိသည်ဟု ဆိုကြ၏။ (မဇ္ဈိမဒေသ မြို့ရွာများမှ သမိုင်းရုပ်ကြွင်း ပုံရိပ်လွှာများမှ)


ကုက္ကုစ္စတရား (၃)ပါး

ပြုပြီး မပြုပြီးသော ကုသိုလ် အကုသိုလ် ကောင်းမှု မကောင်းမှုများကို အကြိမ်ကြိမ် အဖန်ဖန် တွေးတော ပူပန်၍ စိတ် နှလုံး မသာယာဘဲ အဖန်တလဲ နောင်တတရား ရရှိသည့် အပိုအလုပ်မျိုးကို ခေါ်သည်။

(၁) မပြုရသေးသော ကောင်းမှု၊ ပြုပြီးသော ကောင်းမှုများကို တွေးတော ပူပန်ခြင်း၊ နီဝရဏကုက္ကုစ္စ။

(၂) အပ်သည် မအပ်သည်၊  သင့်သည် မသင့်သည်၊ ဝိနည်းစည်းကမ်းများကို စဉ်းစားထွေပြား လွန်ကဲမှု ဝိနယကုက္ကုစ္စ။

(၃) ဘုရားဝတ်ပြုခြင်း၊ သံဃာတော်များ စည်းဝေးခြင်း စသော နေရာများတွင် ဣန္ဒြေဆောင်ခြင်း မရှိ၊ ရိုသေငြိမ်သက် ခြင်း မရှိ၊ ခြေလက် ဦးခေါင်း လှုပ်ခါဝှေ့ရမ်း ချောင်းဟက် တံတွေးထွေး စသည့် မနှစ်မြို့ဖွယ်သော အမှုများကို ပြုကျင့် ခြင်း၊ အသံယတကုက္ကုစ္စ။ (မြန်မာမှုအဘိဓာန် - မောင်ဇနိယ)




-ဆက်ရန်-

ကိုး

ကိုး


ကိုး

ရှစ်နှင့်တစ်ဆယ့်အကြားရှိ အရေအတွက်။ ၉။


ကိုး

(၁)မှီခိုသည်။ အားထားသည်။ အထောက်အထားပြုသည်။ "ဂုဏ်ကိုး၍ မာနတင်းနေပါသည်။" ဟိန်။ ၆ဝ။ "ကျမ်းဂန်ဟောရိုး၊ နည်း နာကိုးလိမ့်။" ငရဲ၊ ၃၇။

(၂)ကိုးကွယ်သည်။ "ရတနာသုံးဦး၊ ဂုဏ်တော်ထူးနှင့်၊ ကျေးဇူးသုံးမည်၊ ဖြောင့်ကြည်ရိုးရိုး၊ နေ့တိုင်းကိုး၍။" ဓမ္မ၊ ၅၈။

(၃)နတ်ပူဇော်ပသသည်။ "ငါ့ကို ရိုညွတ်၊ ဆရာမှတ်၍၊ အထွတ်ပုထိုး၊ နတ်နှယ်ကိုးလျက်။" သံ၊ ၅၉။

(၄)ယင်းသို့ ပူဇော်ပသပါမည်ဟု ငွေကို စတိတင်၍ ကတိပြုသည်။


ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေး (၁၉၃၇-၁၉၄၂)

မြန်မာနိုင်ငံအစိုးရ ဥပဒေ ၁၉၃၅ ခုနှစ်အရ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံသို့ ပေးသော အုပ်ချုပ်ရေး ဖြစ်သည်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ခေါ် အမတ်များက အုပ်ချုပ်ရေး ဌာနပေါင်း ၉၁ ဌာနကို စီမံအုပ်ချုပ်ခွင့် ရသောကြောင့် ၉၁ ဌာနအုပ်ချုပ်ရေးဟု ခေါ်သည်။ ယင်းအုပ်ချုပ်ရေးသည် ၁၉၃၇ ခု၊ ဧပြီ ၁ ရက်နေ့မှ စသည်။ ဤအုပ်ချုပ်ရေးသစ်နှင့် အတူ မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်လိုက်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ယခင်ကကဲ့သို့ အိန္ဒိယနိုင်ငံ၏ပြည် နယ်တစ်ခု မဟုတ်တော့ဘဲ ဗြိတိသျှအစိုးရက တိုက်ရိုက် အုပ်ချုပ်သော နိုင်ငံ ဖြစ်လာသည်။ မြန်မာအစိုးရမှာလည်း အိန္ဒိယဗဟိုအစိုးရ၏ လက်အောက်ခံ အစိုးရ ဖြစ်လာသည်။


ကိုးပါးသီလ (၉)ပါး

(၁)ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

(၂)အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

(၃)အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

(၄)မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

(၅)သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

(၆)ဝိကာလဘောဇနာ ​ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

(၇)နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိ ယာမိ။

(၈)ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

(၉)မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိရဟဏံ သမာဒိယာမိ။

(အနက် ၉)မေတ္တာသဟဂတေန - မေတ္တာနှင့်တကွသော ဖြစ်သော။ စေတသာ - စိတ်ဖြင့်။ သဗ္ဗပါဏဘူတေသု - အလုံးစုံသော သတ္တဝါတို့၏ အပေါ်၌။ ဖရိတွာ - ပြန့်နှံ့၍။ ဝိရဟဏံ - နေခြင်းကို။ သမာဒိယာမိ - ကောင်းစွာ ဆောက် တည်ပါ၏။


-ဆက်ရန်-