ဒေါ်ဒေါ်စု (မြန်မာမိန်းများအသင်း ဥက္ကဋ္ဌ)

  • Print

ဒေါ်ဒေါ်စုကို (၁၈၇၈ ခု)၊ ၁၂၄ဝ ပြည့်၊ ပြာသိုလပြည့်ကျော် (၆) ရက်၊ တနင်္ဂနွေနေ့တွင် လက်ပံတန်းမြို့၊ အဘဦးချောင်း လိန်၊ ​အမိ ဒေါ်နှင်းဦးမှ မွေးဖွားခဲ့သည်။ မွေးချင်း(၅)ဦးအနက် အကြီးဆုံး ဖြစ်၏။ ငယ်စဉ်က လက်ပံတန်းတွင် ကျောင်း နေခဲ့၍ (၁၁)နှစ်သမီးတွင် မိခင် ကွယ်လွန်သဖြင့် (၄)တန်းအထိသာ ကျောင်းနေခွင့် ရခဲ့သည်။ (၁၂)နှစ်တွင် ဖခင်နှင့် အတူ မောင်ညီမငယ်များကို အုပ်ချုပ်ကာ အိမ်ထောင်ဦးစီးလာခဲ့သည်။

၁၉ဝ၂ ခုနှစ်တွင် ဇီးကုန်း တရားမရုံးစာရေးကြီး ဦးဘိုးသောင်းနှင့်အိမ်ထောင်ပြု၍ ၁၉ဝ၆ ခုတွင် အောက်ရုံးသို့ ပြောင်း ရွှေ့ရသည့်အချိန်မှစ၍ ရန်ကုန်တွင် အခြေစိုက်ကာ ခေါင်းချ၍ သွားခဲ့ပေသည်။

 

ကျွန်မတို့သည် ဒေါ်ဒေါ်စုအကြောင်း မဖော်ပြလျှင် အမျိုးသမီး နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်းတင်သည့်ကိစ္စလည်း ပြည့်စုံလိမ့်မည် မဟုတ်ပါ။ ဒေါ်ဒေါ်စုကား ၁၉၁၈ ခုနှစ်လောက်ကစ၍ နိုင်ငံချစ်၊ အမျိုးကို ချစ်သော စိတ်ဓာတ်နှင့် မြန်မာအမျိုးသမီးတို့၏အခွင့်အရေးများကို တိုက်ခိုက်ယူခဲ့ရာတွင် အစဦးဆုံး ပါဝင်လှုပ်ရှားခဲ့သော အမျိုးသမီးကြီး ဖြစ်သည်။

တစ်စတစ်စနှင့် နိုင်ငံကိစ္စများကိုပါ ကျယ်ပြန့်စွာ ဆောင်ရွက်လာခဲ့ပြီး ၁၉၁၉ ခုတွင် ရန်ကုန်မြို့ မြန်မာမိန်းမများ အသင်းကို တည်ထောင်ရာတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့၏။ ထိုအသင်း၏ စွမ်းဆောင်မှုကြောင့်-

၁။ ကိုပြူးဆိုသူက ခေါ်သွား၍ ပလောပီနံတွင် ရောက်နေသော မြန်မာဆေးပေါလိပ် လိပ်သူများ အတိဒုက္ခ ရောက်နေ သည်ကို ဗြိတိသျှစရိတ်ဖြင့် ကိုယ့်နိုင်ငံ ပြန်ခွင့်ရခဲ့သည်။

၂။ ရန်ကုန်မြို့ရှိ အမျိုးသမီးများ ဓာတ်ရထား စီးရာတွင် ဣ​န္ဒြေရရ မန္တလေးမြို့မှာကဲ့သို့ သီးသန့် စီးနိုင်ရန် ရထားဘက် ဆိုင်ရာ ကုမ္ပဏီလူကြီးများထံ မေတ္တာရပ်ခံ၍ အောင်မြင်ခဲ့ခြင်း။

၃။ ရထားခနှုန်းများ လျှော့ချပေးမှသာ အမျိုးသမီးများ စီးကြရန် ညှိထားခြင်း။

၄။ ၁၉၂ဝ ခု၊ သပိတ်မှောက်ကျောင်းသားများကို စားသောက်စရိတ်အဖြစ် တစ်ကျောင်းလျှင် (၁၅ ကျပ်)စီဖြင့် သပိတ် မှောက်ကျောင်းပေါင်း (၇)ကျောင်းကို ထောက်ပံ့ပေးခဲ့ခြင်း။

၅။ ပြည့်တန်ဆာမများအတွက် အစိုးရက ဥပဒေပြုရန်ကိစ္စကို အသင်းက ထောက်ခံသဖြင့် ပြည့်တန်ဆာအက်ဥပဒေ ပေါ်လာရခြင်း စသည်တို့ ဖြစ်ကြသည်။

ဒေါ်ဒေါ်စုသည် ၁၉၂ဝ ခု၌ပင် (၇)လမ်း၌ အောင်ဇေယျာမင်္ဂလာကျောင်း တည်ထောင်ရန် ပွဲစားကြီးဦးဖော့နှင့်စပ်တူ မြေနှင့်အိမ်ကို ဝယ်၍ ကြီးကြပ်အုပ်ချုပ်ခဲ့သည်။ သို့ရာတွင် ဂျပန်ခေတ်က ဗုံးကျ ပျက်စီး၍ အသစ်တစ်ကျောင်း ဆောက်ပြီး စာဆက်သင်စေသည်။ ထို့နောက် နိုင်ငံတော်အစိုးရအား လှူလိုက်ရာ ယခုတိုင် အစိုးရကျောင်းအဖြစ် တည်ရှိနေသေးသည်။ (၂၂၊ ၁၂၊ ၆၅)နေ့က ဒီးဒုတ်ဒေါ်လှမေ၏ ပြောပြချက်အရ ဒေါ်ဒေါ်စုမှာ ကျောင်းအုပ်ဆရာမ ကြီးလည်း ဖြစ်သည့်အပြင် အောင်မင်္ဂလာသုခနှင့်အောင်ဇေယျာမင်္ဂလာ စာပုံနှိပ်တိုက်ကိုလည်း တည်ထောင်ခဲ့သူ ဖြစ် ကြောင်း သိရပါသည်။

၁၉၂ဝ ခုနှစ်၌ မြို့မအမျိုးသမီး၊ အမျိုးသား အထက်တန်းကျောင်း တည်ထောင်ရာတွင်လည်း စတင်ပါဝင်၍ အုပ်ချုပ် ရေးကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်သာမက ပုဇွန်တောင် အမျိုးသားကျောင်း၌လည်း ကောမတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

မြန်မာအမျိုးသမီး သမဝါယမအသင်း၌လည်း ဥက္ကဋ္ဌအဖြစ် ၁၉၂ဝ ခုမှ ၁၉၂၈ ခုအထိ ဆောင်ရွက်ခဲ့ရာ ၄င်းအသင်းမှာ တိုးတက် ကြီးကျယ်လာခဲ့ပြီး စကော့စျေး တက္ကသိုလ်သမဝါယမအသင်းနှင့်အပြိုင် ဖွင့်လှစ်နိုင်ခဲ့သည်။

၁၉၂၃ ခုနှစ်မှစ၍ ဧပြီလတိုင်း ကျင်းပလေ့ရှိသည့် ကလေးပြပွဲ ပြိုင်ပွဲများ၌လည်းကောင်း၊ ကျန်းမာရေးပြပွဲ၊ ကျောင်း ပြေးပြိုင်ပွဲနှင့်ပန်းဥယျာဉ်ပြပွဲများတွင်လည်း အုပ်ချုပ်ရေးပိုင်းမှ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ဒေါ်ဒေါ်စုတို့အသင်း သူများသည် နှစ်စဉ်ကထိန်၊ ကဆုန်ညောင်ရေသွန်းပွဲများ၌ မော်တင်အသင်းတိုက်မှနေပြီး ရွှေတိဂုံသို့ ပင်နီ၊ ယောထဘီ ဆင်တူဝတ်လျက် ခြေလျင်သွားကြသည်ဟု ကြားဖူးသည်။ ဘားမားဒေးများ၌လည်း စျေးရောင်း၍ ရန်ပုံငွေ စုကြသည် ဟု သိရသည်။ ရာသက်ပန်အသင်းသူလည်း ဖြစ်သည်။

ဒေါ်ဒေါ်စုအား ရိက္ခာတော်ရ မြေအရေးပိုင်ဦးဘိုးသောင်း၏ဇနီးနှင့်အမျိုးသမီးအသင်းအဖွဲ့၏အစကနဦး ခေါင်း ဆောင်အဖြစ် နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှု စာအုပ်စာတမ်းများ၌ ဂုဏ်ပြုဖော်ကျူးထားကြသည်ကို တွေ့နိုင်ပါသည်။ ဦးဘိုးသောင်းသည် (၈၊ ၄၊ ၄၈)ခုနှစ်က ကွယ်လွန်သွားပြီးနောက် ကိုးနှစ်အကြာ (၂၊ ၉၊ ၅၇)ခုနေ့တွင် ဒေါ်ဒေါ်စုလည်း ဘဝတစ်ပါးသို့ ပြောင်းရွှေ့သွားခဲ့ရာ များစွာ ဝမ်းနည်း ကြေကွဲကြရလေသည်။ ဦးဘိုးသောင်းနှင့်ဒေါ်ဒေါ်စုတို့တွင် သား(၂)ယောက်နှင့်သမီး(၄)ယောက် ထွန်းကားခဲ့သည်။ ကျွန်မမှာ ဆရာကြီးဦးလူဖေဝင်း၏ညွှန်ကြားချက်အရ ဒေါ်ဒေါ်စု၏သားသမက် ဝတ်လုံဦးလှတင် နေထိုင်ခဲ့ဖူးသော ကရိလမ်းသို့ မျက်ကန်းတောတိုး တစ်​တိုက်ဝင်၊ တစ် တိုက်ထွက် ရှာဖွေခဲ့ပါသည်။ သဲလွန်စ ရမည်ပြုလိုက်၊ ပြန်ငုပ်သွားလိုက်နှင့်စိတ်မလျှော့ဘဲ လိုက်မိပြန်ရာ အိုင်-စီ-အက် ဦးအုန်း၏ဇနီး ဒေါ်သန်းနွဲ့မှတစ်ဆင့် ဒေါ်ဒေါ်စု၏သမီး ဒေါ်သောင်းရီ(ဝတ်လုံဦးလှတင်၏ဇနီး)နှင့်ဒေါ် သောင်းရီ၏သမီး တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်ဆွေမျိုးတို့ကို နောက်ဆုံးတွင် တွေ့ခွင့်ရပြီး ခဲရာခဲဆစ် အချက်အလက် များနှင့်တကွ မိုးညှင်း​ဝိပဿနာမှ ဒေါ်ဒေါ်စု၏ဓာတ်ပုံကြီးကိုပါ ဖြုတ်ယူလာပေးသူ ဒေါ်ဒေါ်စု၏တူဖြစ်သော ပါတီ ဌာနချုပ်မှ ဦးဘုန်းသန့်(ရုရှားပြန်)တို့၏ အကူအညီဖြင့် ဤဆောင်းပါးကို ဝမ်းသာအားရ စာဖတ်ပရိသတ်ကြီးအား တင်ပြနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်များ၏အကူအညီသာ မရှိခဲ့ပါလျှင် ကျွန်မမှာ ယခင့်ယခင် စာအုပ်များကဲ့သို့ သာမန်မျှသာ ဖော်ပြနိုင်ပါလိမ့်မည်။ ယခုလို ဒေါ်ဒေါ်စုကို မြင်ဖူးဖို့ရန် ကူညီပေးသော ဓာတ်ပုံဆရာ မောင်မောင်တူး ၏ရိုင်းပင်းမှုကိုလည်း ကျွန်မ ချန်လှပ်၍ မဖြစ်နိုင်ပါ။ အရပ်ကူ-လူဝိုင်း၍သာ ဤဆောင်းပါး ဖြစ်ပေါ်လာခဲ့ရပါသည်။


-စောမုံညင်း ရေးသော မြန်မာအမျိုးသမီးစာအုပ်မှ ထုတ်နှုတ်ချက် ဖြစ်ပါသည်။