ဆရာပွား

ဝေလမင်းသား ရွှေနားတော်သွင်း ဧချင်း ရေးသားသူ ဆရာပွားကို ၁၂၃၃ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက်၊ စနေနေ့ (၂၂-၇- ၁၈၇၁)တွင် ရမည်းသင်းခရိုင်၊ ရွာတန်းရွာ ဦးကျ ဒေါ်စံငြိမ်းတို့မှ ဖွားမြင်၏။

ငယ်စဉ်က ရွာတန်းရွာ မင်းကျောင်းဆရာတော် ဦးသာသန၊ ထိန်ကန်ဆရာတော် အရှင်စက္ကိန္ဒ၊ အုတ်ဖိုဆရာတော် ဦးဝိသုဒ္ဓ၊ မန္တလေးဂွေးချိုတိုက် အရှင်စာရိတ္တာဘိဓဇ၊ ဥသျှစ်ပင်တိုက်ဆရာတော် အရှင်သီလာစာရာဘိဓဇ မဟာရာဇာဓိ ရာဇဂုရုတို့ထံ၌ စာပေများကို သင်ကြား ဆည်းပူးခဲ့သည်။

 

တောင်ငူမြို့၌ နှစ်ပေါင်း ၂ဝ ခန့် နေထိုင်စဉ် မြန်မာ့သတင်းဂျာနယ်တွင် အယ်ဒီတာအဖြစ် သုံးနှစ်ခန့် ဆောင်ရွက်ခဲ့ပြီး နောက် တဖန် ကေတုမတီစာပုံနှိပ်တိုက်တွင် စာပြင်ဆရာအဖြစ် ဆက်လက် လုပ်ကိုင်ခဲ့လေသည်။

၁၉၁၉ ခုနှစ်တွင် ရန်ကုန်မြို့၌ အစိုးရစာတော်ပြန်အဖြစ် ငါးနှစ်တိုင်တိုင် ထမ်းရွက်ခဲ့၏။ ၁၉၂၃ ခုနှစ်တွင် ရန်ကုန်​ ကောလိပ်၌ မြန်မာစာနည်းပြဆရာအဖြစ်လည်းကောင်း၊ ရန်ကုန်ကောလိပ်ကို တက္ကသိုလ်အဆင့်သို့ မြှင့်လိုက်သော အခါ ဂုဏ်ထူးဆောင် နည်းပြဆရာကြီးအဖြစ်လည်းကောင်း၊ ထမ်းရွက်ခဲ့ရာ ၁၉၃၅ ခုနှစ်တွင် ထိုရာထူးမှ အငြိမ်းစား ယူခဲ့သည်အထိ ဖြစ်၏။

ဆရာပွားသည် တိုင်းကျိုးပြည်ကျိုးဆောင် တီပီအက်စ ဘွဲ့ရ၍ ၁၉၃၅ ခုနှစ်တွင် ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ကိုပါ ရရှိခဲ့လေသည်။

ဆရာပွားသည် ၁၃၁၂ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်နေ့ (၉-၁၁-၅ဝ)တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ပြုစုတည်း ဖြတ်ခဲ့သော စာပေများမှာ ဦးကုလားရာဇဝင် (ပတွဲ၊ ဒုတွဲ)၊ အင်းဝမြို့ဘွဲ့ ၁၂ ရာသီလူးတား၊ ကျည်းကန်ရှင်ကြီး မေတ္တာစာ၊ ကန်တော်မင်းကျောင်း မေတ္တာစာအဖြေ၊ ရေစကြိုခုံတော်ဖြတ်ထုံး၊ ဥတေနပျို့၊ အထူးကောက်နုတ်ချက် ဇာတ်ဝတ္ထု၊ စိန္တကျော်သူဆို ရတုများ စသည်တို့ ဖြစ်ကြသည်။


-ဒဂုန်ရွှေများ ပြုစုရေးသားသော မြန်မာနိုင်ငံ စာပေဆုများစာအုပ်မှ ထုတ်နှုတ်ချက် ဖြစ်ပါသည်။