မြို့မမောင် (၁၂၆၅-၁၃၄၅)

  • Print

မြို့မမောင်ကို ၁၂၆၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် (၁၉ဝ၄ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်)၌ မြိတ်မြို့ ကန်ဖျားရပ်တွင် ဖွားမြင်သည်။ မိဘနှစ်ပါးမှာ သမားတော်ကြီး ဦးသင် နှင့် ဒေါ်သာညိမ်းတို့ ဖြစ်သည်။ အမည်ရင်းမှာ ဦးအောင်မြင် ဖြစ်သည်။

ဆရာမြို့မမောင်သည် အင်္ဂလိပ်-မြန်မာ ဆယ်တန်းနှင့်အလယ်တန်းဆရာဖြစ် အောင်ပြီးနောက် မြို့မကျောင်းတွင် ကျောင်းဆရာအဖြစ် ၁ဝ နှစ်ကျော်မျှ အမှုထမ်းခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက လောကသာရ နေ့စဉ်သတင်းစာ တွင် ညအယ်ဒီတာနှင့်နိုင်ငံခြားသတင်း ဘာသာပြန်အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ သူရိယသတင်းစာ၊ မြန်မာ့ အလင်းသတင်းစာ၊ ဗန္ဓုလဂျာနယ်၊ ဒီးဒုတ်ဂျာနယ်၊ တိုးတက်ရေးမဂ္ဂဇင်းတို့တွင်လည်း ဆောင်းပါးများ ရေးသားသည် ဗန္ဓုလဂျာနယ်တွင် တစ်ဗစ်ခေါ် သုတပဒေသာခန်းကို တာဝန်ယူရသည်။

 

ဆရာမြို့မမောင်၏ အရေးကြီးသော လုပ်ဆောင်ချက် တစ်ရပ်မှာ ဆယ်သန်းမဂ္ဂဇင်း၊ ဆယ်သန်းဂျာနယ်၊ ဆယ်သန်း ရက်ခြားသတင်းစာ၊ ဆယ်သန်းနေ့စဉ် တို့ကို ထုတ်ဝေခြင်း ဖြစ်သည်။ ကိုယ်တိုင်လည်း အယ်ဒီတာအဖြစ် ဆောင်ရွက် သည်။ ထိုစဉ်က မြန်မာ့လူဦးရေ ဆယ့်လေးသန်းတွင် နိုင်ငံခြားသား လေးသန်းကို ဖယ်၍ တိုင်းရင်းသားဆယ်သန်း၏ အသိဉာဏ်နှင့်စားဝတ်နေရေး တိုးတက်စေရန် ရည်ရွယ်၍ ထုတ်ဝေခြင်း ဖြစ်သည်။ "ခေတ်ကြီးကို အတင်းပြောင်း မည်" ဟူသော ကြွေးကြော်သံကို ကိုင်စွဲသည်။ မြန်မာတို့၏အမျိုးသားရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာခေါင်းကြီးများ ၊ ဆောင်းပါးများ၊ ဝေဖန်ချက်များ ရေးသားသည်။ အင်္ဂလိပ်အစိုးရက ဖိနှိပ်ချုပ်ချယ်ပြီး အာမခံငွေတောင်းရာ အာမခံ ငွေ မတင်နိုင်၍ ဆယ်သန်းနေ့စဉ်သတင်းစာကို ပိတ်လိုက်သည်။

လွတ်လပ်ရေးတိုက်ပွဲဝင် စာအုပ်များ ဖြစ်သော စက္ကူဖြူစာစဉ် များကို ရေးသားထုတ်ဝေသည်။ သွေးနီပြိုင်ပွဲ စာအုပ်မှာ ထူးခြားသည်။ ထိုစာအုပ်ကြောင့် ဆရာမြို့မမောင်ကို အင်္ဂလိပ်အစိုးရက ကာကွယ်ရေးဥပဒေဖဖြင့် အရေး ယူကာ စာမရေးရ၊ အိမ်ပြင် မထွက်ရဟု ချုပ်ချယ်ခဲ့သည်။

ဆရာမြို့မမောင်သည် ဂျပန်ခေတ်တွင် ဗမာ့ခေတ်သတင်းစာ၌ ခေါင်းကြီးပိုင်း ရေးရသော အယ်ဒီတာအဖြစ် ဆောင် ရွက်သည်။ စစ်ပြီးချိန်တွင် ဂျပန်ခေတ် အတွေ့အကြုံများကို ကိုယ်တွေ့ ဝတ္ထုများ ရေးသားခဲ့သည်။ လမ်းညွှန်နေ့စဉ် သတင်းစာ၊ စီးပွားရေး နေ့စဉ်သတင်းစာတို့တွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။

မြို့မမောင် သတင်းစာကို အမျိုးသားနေ့ ဖြစ်သော ၁၉၄၆ ခု၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။ ဒီဇင်ဘာလတွင် ရန်ကုန်သတင်းစာ ဟု အမည်ပြောင်းလဲသည်။ ကိုယ်တိုင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ စပ်စုမောင်၊ စပ်ဖြဲမောင်၊ ဦးရန်ကုန် အခန်းများကို တာဝန်ခံ ရေးသားသည်။ ရှုမဝမဂ္ဂဇင်း၊ သင့်ဘဝမဂ္ဂဇင်း စသည်တို့ တွင် ဆောင်းပါးများ ရေးသားသည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ အမှုဆောင် အဖြစ်လည်းကောင်း ဆောင်ရွက်သည်။

ဆရာမြို့မမောင်သည် ၁၃၄၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် (၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၂ဝ ရက်) တွင် ကွယ်လွန် အနိစ္စ ရောက်သည်။

-ကျမ်းကိုး-

(၁)မလိခ။ မြန်မာစာပေ အဘိဓာန် ၂။ စာ ၁၆၈-၁၆၉။

(၂)မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်၊ ၁၉၈၄။ စာ ၂၃၉-၂၄ဝ။


-ဗိုလ်မှူးဘသောင်း ရေးသော စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်မှ ထုတ်နှုတ်ချက် ဖြစ်၏။