ဦးသာမြတ် (၁၂၆ဝ-၁၃၃၉)

ဦးသာမြတ်သည် ပုတီးကုန်းမြို့ ဇာတိ ဖြစ်၍ ၁၂၆ဝ ပြည့် ကဆုန်လဆန်း ၁ဝ ရက် (၁၈၉၉ ခု၊ ဧပြီလ ၂၉ ရက်) သောကြာ နေ့တွင် အဖပွဲစားကြီး ဦးဘိုးမြ၊ အမိဒေါ်ငွေသင် တို့မှ ဖွားမြင်သော တတိယမြောက်သား ဖြစ်သည်။

အသက် ၆ နှစ်အရွယ်တွင် ကြို့ပင်ကောက်မြို့ ရွှေကျောင်းကြီးဆရာတော်နှင့်ပုတီးကုန်းမြို့ ဓမ္မာရုံကျောင်းတိုက် ဂိုဏ်းအုပ်ဆရာတော်တို့ထံတွင် စတင် ပညာ ဆည်းပူးရာ အခြေခံ လောကုတ္တရာ စာပေများကို တတ်မြောက်ခဲ့သည်။ အသက် ၁၁ နှစ်တွင် ပုတီးကုန်းမြို့ ဆရာဦးဘချိုထံတွင် အင်္ဂလိပ်စာ၊ သင်္ချာနှင့်ပထဝီဝင် ဘာသာများ သင်ကြားပြီး နောက် အသက် ၁၂ နှစ်တွင် ကြို့ပင်ကောက်မြို့ အာရ်စီအမ် စိန်မိုက်ကယ်ကျောင်း၌ စတုတ္ထတန်းမှစ၍ သင်ကြားခဲ့ရာ အတန်းတိုင်းတွင် ပထမစွဲ၍ အသက် ဆယ့်ခြောက်နှစ်တွင် သတ္တမတန်း အောင်မြင်သည်။ ထို့နောက် ပြည်မြို့ အစိုးရ အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားရာ အတန်းတိုင်းတွင် ပထမစွဲပြီး ဆယ်တန်း စာမေးပွဲကို အင်္ဂလိပ် စာ၊ မြန်မာစာ၊ ပါဠိဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။

 

ထို့နောက် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးးရာ ဥပစာတန်းကို ပထမဆင့်မှ အောင်မြင်၍ စကော လားရှစ်(ပညာသင်ဆု) ရရှိသည်။ တက္ကသိုလ် ပထမသပိတ်ကာလတွင် ပညာသင်ကြားမှု နားနေရစဉ် ဒေါ်ရီနှင့်လက် ထပ်သည်။ အသက် ၂၂ နှစ်တွင် အိန္ဒိယနိုင်ငံ ပူနားမြို့ရှိ စိုက်ပျိုးရေးကောလိပ်၌ စိုက်ပျိုးရေး ဘောဂဗေဒပညာကို ဆက်လက် သင်ကြားသည်။ ၁၉၂၄ ခုတွင် အိန္ဒိယနိုင်ငံ ဘုံဘေ ယူနီဗာစီတီကောလိပ်က အပ်နှင်းသော စိုက်ပျိုးရေး သိပ္ပံဘွဲ့ (B.Ag)ကို ရရှိသည်။ ဒုတိယအဆင့်မှ အောင်မြင်သည်။

အသက် ၂ဝ အတွင်း၌ ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီ၊ နာဂရီ၊ ဂူဂျရတီ၊ မရာဌီ၊ သင်္သကရိုက်၊ တမယ်လ်ဘာသာစာပေနှင့် စကားတို့ကိုလည်း လေ့လာတတ်မြောက်ခဲ့သည်။ အသက် ၂ဝ မှ ၄ဝ အကြားတွင် အရှေ့တောင်အာရှနှင့်အိန္ဒိယနိုင်ငံရှိ ရှေးဟောင်းကျောက်စာများကို ကောင်းစွာ လေ့လာဆည်းပူးခဲ့သည်။

စိုက်ပျိုးရေးဝန်ထောက်၊ ရောင်းဝယ်ရေး ဝန်ထောက်၊ စိုက်ပျိုးရေးဝန်ကလေး၊ ဒက္ခိဏတိုင်း စိုက်ပျိုးရေးဝန် ဟူသော တာဝန်များကို အဆင့်ဆင့် ထမ်းရွက်ရသည်။ ဒက္ခိဏတိုင်း စိုက်ပျိုးရေးဝန်အဖြစ် ဆောင်ရွက်စဉ် ၁၉၅၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ လာဟိုမြို့၌ ကျင်းပသော ကုလသမဂ္ဂ စီးပွားရေးကော်မရှင်သို့ တက်ရောက်ရသည်။ ၁၉၅၂ ခုနှစ်တွင် ကရာချီမြို့သို့ နို့ညှစ်နွားမ အဝယ်တော်အဖွဲ့ဖြင့် သွားရောက်လေ့လာရသည်။ ၁၉၅၃ ခုနှစ်တွင် ကရာချီမြို့သို့ သွား ရောက်၍ သိန္ဓောမျိုး နို့ညှစ်နွားမများ ဝယ်ယူရသည်။ ၁၉၅၄ ခုတွင် ဒက္ခိဏတိုင်း စိုက်ပျိုးရေးဝန်အဖြစ်မှ အငြိမ်းစား ယူသည်။

အငြိမ်းစားယူရန် ပြင်ဆင်ခွင့် ၄ လ မစေ့မီမှာပင် နိုင်ငံတော် အစိုးရက ယဉ်ကျေးမှုဗိမာန် ညွှန်ကြားရေးဝန်အဖြစ် တာဝန်ပေးအပ်သည့်အတွက် ဆက်လက်် အမှုထမ်းရသည်။

ဦးသာမြတ်သည် ၁၉၂၄ ခုနှစ်မှစ၍ စိုက်ပျိုးရေး ပြက္ခဒိန်တွင် စာတမ်းရေးခြင်း၊ ဘာသာပြန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ သည်။ ၁၉၃၉ ခုနှစ်တွင် ဆန်စပါး စိုက်ပျိုးခြင်းနှင့်ဝါဂွမ်း စည်းကမ်းသတ်စျေးများကို အစိုးရလယ်ယာဌာနအတွက် မြန်မာဘာသာပြန်၍ အစိုးရက ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဘာသာပြန် စာပေအသင်း(စာပေဗိမာန်) စတင် တည်ထောင်စဉ် ကပင် စိုက်ပျိုးရေးစာအုပ်များ တည်းဖြတ်ပေးခဲ့သည်။ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း ဆေးဝါးပင်များ ပြုစု ရေး အဘိဓာန်အဖွဲ့ကို ခေါင်းဆောင်ခဲ့သည်။

ဦးသာမြတ်သည် ရှုမဝ၊ မြဝတီမဂ္ဂဇင်းများနှင့်ပြည်ထောင်စုယဉ်ကျေးမှုစာစောင် စသည်တို့တွင် သဇင်လှ ဟူသော ကလောင်အမည်ဖြင့်လည်းကောင်း၊ အမည်ရင်းဖြင့် လည်းကောင်း၊ ဘာသာ စာပေ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါး များ ရေးသားခဲ့သည်။ နေးရှင်း၊ ဂါးဒီးယန်းစသော အင်္ဂလိပ်သတင်းစာများ၌ ဆေးပင်များ အကြောင်း အင်္ဂလိပ်ဘာ သာဖြင့် ရေးသားခဲ့သည်။

မြန်မာရေးထုံးကျမ်း၊ မြန်မာအက္ခရာနှင့်ဂဏန်းသင်္ချာထုပ္ပတ်၊ မွန်မြန်မာအက္ခရာသမိုင်း၊ နီတိကျမ်းကျော် ဒွေးနှစ်ဖော် စသည့် စာအုပ်များ ပြုစုခဲ့သည်။ မြစေတီ ပါဠိကျောက်စာနှင့်မြစေတီ ပျူကျောက်စာတို့ကို ဖွင့်ဆိုခဲ့သည်။ ပျူဖတ်စာ ကိုလည်း ပြုစုခဲ့သည်။

ဦးသာမြတ်သည် စာ​ပေဗိမာန်အဖွဲ့ သုခမိန်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ သုတေသနအသင်းဥက္ကဋ္ဌ၊ ပိဋကတ်မြန်မာပြန်အဖွဲ့ သုခမိန်အဖွဲ့ဝင်၊ ယဉ်ကျေးမှုကောင်စီဝင်၊ လူထုပညာရေးကောင်စီဝင်၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း နာယက စသည့် တာဝန်များကို ဆောင်ရွက်ခဲ့သည်။

၁၉၅၄ ခုနှစ်တွင် နိုင်ငံတော်က ချီးမြှင့်သော သီရိပျံချီဘွဲ့ကို ရခဲ့သည်။ ရန်ကုန်တက္ကသိုလ်က ချီးမြှင့်သော ဂုဏ်ထူး ဆောင် မဟာဝိဇ္ဇာဘွဲ့နှင့်လန်ဒန်တက္ကသိုလ်က ချီးမြှင့်သော F.R.H.S ဘွဲ့များ ရရှိခဲ့သည်။

ဦးသာမြတ်သည် ၁၃၃၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် (၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၄ ရက်) တွင် ကွယ်လွန် အနိစ္စ ရောက်သည်။

-ကျမ်းကိုး-

(၁) ဦးသာမြတ် (အတ္ထုပ္ပတ္တိ)။ မြဝတီမဂ္ဂဇင်း၊ ၁၉၅၄ ဒီဇင်ဘာ။ စာ ၄-၆၊ ၃၁၆။

(၂) ဦးသာမြတ်။ မြန်မာအက္ခရာနှင့်ဂဏန်းသင်္ချာထုပ္ပတ်။


-ဗိုလ်မှူးဘသောင်း ပြုစုသော စာဆိုတော်များအတ္ထုပ္ပတ္တိစာအုပ်မှ ​ထုတ်နှုတ်ချက် ဖြစ်၏။