မွေးနေ့ပွဲ - ဒေါက်တာသန်းထွန်း

၂၉ နိုဝင်ဘာ ၁၉၁၅ ဒေါ်အ​မာ့မွေးနေ့၊ အမရပူရ တောင်လေးလုံးမှာ လုပ်မယ်။ "ဒေါ်ဒေါ့်မွေးနေ့လေ၊ သွားကြစို့ ဆိုလို့သာ လိုက်ခဲ့ရတယ်။ မျက်နှာပူလိုက်တာကွယ်" လို့ ပြောတယ်။ လာတဲ့ လူတွေက လက်ဆောင်ပေးကြတော့မယ်။ "ငါကသူတို့ ကို ဘာလုပ်ပေးဖူးလို့လဲ" ဆိုပြီး စိတ်မလုံ၊ အဲဒီလို အပေးအယူသဘောနဲ့ စဉ်းစားရင် မယူရက်စရာ၊ မယူရဲစရာ ဖြစ်မှာ အမှန်ပါ။ ကျေးဇူးခံ ကျေးဇူးစားသဘော မပါ။ တကယ်လို့ ပါရင်လည်း ဖယ်ရမယ်။ အလုပ်ရှင်နဲ့အလုပ်သမား၊ မိဘ ဆရာနဲ့သားသမီးတပည့်တွေမှာ၊ ဒီသဘောထား အရေးကြီးပေမယ့် တခြားလူမှုဆက်ဆံရေးမှာ ဒီသဘော မရှိပါ။ ဂုဏ ဝုတ္တိ၊ ဝယဝုတ္တိ ဆို​တာတော့ ရှိတယ်။ အသက်တူ ယောက်ျား မိန်းမ မေ့ထားပြီး၊ လေးစားထိုက်သူကို လေးစားရမှာ ဖြစ်ပါ တယ်။ လူထုဒေါ်အမာအနေနဲ့ ဘယ်လို စဉ်းစားသလဲ ဆိုတာကို ကျွန်တော် သတိထားမိသလောက် ပြောရရင် (၁) ငါက အသက်ကြီးလို့ ငါ့ကို လာပြီး ရှိခိုးတယ်ဆိုတာတော့ ဟုတ်ပြီ။ ကြီးတိုင်း ရှိခိုးမယ် ဆိုတာတော့ မဟုတ်နိုင်ပါဘူး။ အသက် ကြီးပေမယ့် အချိန်မစီးဘူး ဆိုတဲ့ စကားတစ်ခု ရှိတယ်။ အကျင့်လေးစားလောက်တယ်။ ဒီလိုဆိုမှ ပူဇော်ကန်တော့ကြ​ တော့မှာ ဖြစ်ပါတယ်။ (၂) အသက်ငယ်ပေမယ့် ပဒေသရာဇ်ခေတ်က မင်းသားဆိုရင် အရပ်သားက ဦးခိုက်ရမှာပါ။ အဲဒါ လည်း ရှေးအခါကတော့ မလုပ်မဖြစ်တဲ့ ကိစ္စပါ။ အခုလည်း ဒီလို ဆက်ပြီး (အထက်လူနဲ့အောက်လူ) ဂါရဝပြုတဲ့အလေ့ကို မပျက်မကွက် လုပ်နေကြတယ်။ (၃) ကျောင်းဆရာနဲ့တပည့်မှာ ဆရာကို တပည့်က အထင်မကြီးတာလည်း ရှိတယ်။ အထင်သေးရင် ကန်တော့ဖို့ ဝန်လေးတယ်လို့ ဆိုပါတယ်။ ဒီလို ကိုယ့်ဆရာကို အထင်သေးတာမျိုးက၊ မူလတန်းနဲ့အလယ် တန်းမှာ ရှိဖို့ခက်ပါတယ်။ အထက်တန်း ရောက်ရင်တော့ ဒီပြဿနာ မရှိနိုင်ပါ။

 

ဒီနေရာမှာ မူလတန်း၊ အလယ်တန်း စတဲ့ အတန်းတွေအကြောင်း စပ်မိလို့၊ နည်းနည်း ထပ်ပြီး ပြောချင်ပါတယ်။ ဆရာတွေက တပည့်တွေကို သင်ခန်းစာတစ်ခုကို သင်ရင်၊ အနည်းဆုံး နမူနာသုံးခုလောက်နဲ့ ပြောပြလေ့ရှိပါတယ်။ အဲဒီ လို သုံးခါပြောတာကတော့ ထုံးစံ ဖြစ်ပါတယ်။ ဆိုလိုတာက ဆရာလုပ်သူက "ကနေ့၊ ငါ သင်ခန်းစာသစ်ကို သင်မယ်" လို့ စပြီး ပြောလေ့ရှိပါတယ်။ ပြီးတော့ သူသင်မယ်လို့ သတ်မှတ်ထားတဲ့ သင်ခန်းစာကို သင်ပါတယ်။ သင်ပြီးတဲ့အခါ "ငါ ဘာသင်ပြီးပြီ" ဆိုတာကို ထပ်ပြောပါတယ်။ နေ့စဉ်နဲ့အမျှ တွေ့နေရတော့ ကျွန်တော်ကိုယ်တိုင် ကျောင်းဆရာ ဖြစ်လာ တော့ အခုပြောသလို (၁)ငါဘာကို ပြောမယ်၊ (၂)အဲဒါကို အခုပြောပြီး၊ (၃)ပြောပြီးသားကို ထပ်ပြောဦးမယ်ဟေ့၊ ဆိုတဲ့ သင်ကြားနည်း ဖြစ်ပါတယ်။

ကျောင်းသားတွေကတော့ ဆရာတွေရဲ့ဒီသဘောထားကို သူတို့ နားလည်သလား၊ မလည်ဘူးလား မသိ။ ဒါပေမဲ့ အတန်း ထဲက ကျောင်းသားအများစုဟာ သင်ခန်းစာကို သိသွားပြီ။ ကျေကျေညက်ညက် တတ်ဖို့၊ သိဖို့၊ သင်္ချာ၊ အက္ခရာသင်္ချာနဲ့ ဂျီဩမေထရီဆိုရင် ပုစ္ဆာတွေ ပေးပြီး ကျောင်းသားတွေကို တွက်ခိုင်းပါတယ်။ အဲဒါကို သွက်သွက်လက်လက် မလုပ်နိုင်ရင် ဒီကျောင်းသားဟာ စာမေးပွဲ အောင်ဖို့ မလွယ်တော့ပါ။ အဲဒီအခါမှာ ကျောင်းသားတချို့က ဆရာ့အိမ်မှာ သွားနေကြပြီး၊ နံနက်စောစောနဲ့ညဘက်မှာ ဆရာပြောခဲ့တာကို ပြန်ပြီး နားထောင်ခွင့် ရလိုရငြား မျှော်လင့်ပါတယ်။ ဒါတွေက အရင် ဒုတိယကမ္ဘာစစ် မဖြစ်မီ ၁၉၃၈-၃၉ က ကျွန်တော် ကြုံတွေ့ခဲ့ရပုံကို ပြောပြတာပါ။ အဲဒီလို ပြောတယ်၊ ပြောတယ်၊ ထပ် ပြောတယ် ဆိုတဲ့ သင်နည်းနဲ့ မကြုံဘူးဆိုကြပါစို့။ ဒီအခါ ပြဋ္ဌာန်းစာအုပ်ကိုပဲ အားကိုးလို့လည်း ရပါတယ်။ ပြဋ္ဌာန်းစာ အုပ်မှာ သင်ခန်းစာအသစ်ကို စပြီး ရေးတဲ့အခါ အခြေခံကစပြီး ရေးတယ်။ ပုစ္ဆာတွေရဲ့ အဖြေကိုလည်း အဲဒီစာအုပ်မှာပဲ နောက်က ထည့်လိုက်ပါတယ်။ ၁၉၂ဝ ကျောင်းသားသပိတ်ပြီးမှ မွေးတဲ့ ကျွန်တော်တို့က အင်္ဂလိပ်-မြန်မာစာသင်ကျောင်း မှာ နေခဲ့ကြရလို့ သင်္ချာ၊ အက္ခရာသင်္ချာ၊ ဂျီဩ​မက်ထရီတွေကို အင်္ဂလိပ်ဘာသာနဲ့ပဲ သင်ရတယ်။ ပုစ္ဆာတွေကလည်း အင်္ဂလိပ်ဘာသာနဲ့ပဲ ရေးထားတာ ဖြစ်ပါတယ်။ အဲဒါအပြင် ပထဝီဝင်နဲ့သမိုင်းကိုလည်း အင်္ဂလိပ်လိုပဲ သင်ရပါတယ်။ အဲဒါကို နည်းနည်း ဖြည့်ပြောချင်သေးတာက ဓာတုဗေဒ၊ ရူပဗေဒ ဆိုတာတွေ၊ ကျွန်တော် စနေခဲ့ရတဲ့ကျောင်းမှာ မသင် ပေးနိုင်ပါ။ ပြီးတော့ ကျူရှင်ကျောင်းဆိုတာလည်း မပေါ်သေးပါ။ ပိုက်ဆံ တတ်နိုင်တဲ့မိဘက၊ ကိုယ့်သားသမီးကို အပို ရှင်းလင်းပြသပေးဖို့၊ ဆရာကို အိမ်ခေါ်သင်ပေးခိုင်းတာမျိုးလည်း မရှိပါ။ နည်းနည်းသွက်တဲ့ကျောင်းသားက ကုန်ခဲ့တဲ့ နှစ်တွေက မေးခွန်းတွေ ပေါင်းယူပြီး​ ဖြေကြတယ်။ သူငယ်ချင်းတွေနဲ့ စုပြီး စာကျက်တယ် ဆိုတာမျိုးတော့ လုပ်ကြပါ တယ်။ မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်၊ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ ပြည်၊ တောင်ငူ၊ စစ်ကိုင်း၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ လည်း ဒီလိုပဲ ကျောင်းသားတွေ စာသင်ကြရမှာ ဖြစ်ပါတယ်။ ပြောချင်တာက ကျူရှင်ကျောင်းရယ်လို့ မရှိပါ။ ဒီနေရာမှာ တကယ် ပြောချင်တာက စာသင်ကျောင်းက ဆရာတွေ၊ ဆရာမတွေလည်း မွေးနေ့ လုပ်တယ်လို့ မတွေ့ဖူးပါ။ ကျွန်တော် တို့ ကျောင်းသားတွေလည်း ဘယ်သူမှ မွေးနေ့ မလုပ်ပါ။

မွေးနေ့နဲ့ နည်းနည်းနီးစပ်တဲ့ပွဲကတော့ သင်္ကြန်ပွဲပါပဲ။ ရေလောင်းကြလို့ သိပ်ပျော်တဲ့ပွဲမျိုးကို မဆိုလိုပါ။ တစ်နှစ်တစ်ခါ မိဘဘိုးဘွား၊ ဆရာသမားတွေကို ကန်တော့ပါတယ်။ ကန်တော့ပွဲ ပါရတယ်လို့ မသတ်မှတ်ပါ။ အဲဒီအခါ ကိုယ့်ထက် ကြီးတဲ့သူကို ကန်တော့တယ်ဆိုတော့ သူ့မွေးနေ့ ကိုယ်မွေးနေ့ သိထားရမှာ မှန်တယ်။ အတိအကျ သိဖို့ မလိုပါ။ တစ်သက် လုံး အတူတူနေခဲ့ကြတာဆိုရင်၊ သူငယ်ချင်း အချင်းချင်းကလည်း သူက ငါ့ထက်ကြီးတယ်၊ ငယ်တယ်လို့ သိကြတယ်။ သူက မွေးနေ့လုပ်ပြီး မုန့်ကျွေးလို့ ငါစားရတယ်လို့ မကြုံဖူးပါ။

စာအုပ်မွေးနေ့ကိုလည်း ကျွန်တော်တို့ ဂရုစိုက်တတ်တယ်။ တက္ကသိုလ်က ပထမဘွဲ့ရပြီး ဆက်ပညာရှာမှ သိလာတယ်။ ဆိုလိုတာက ဥပမာ - ပုဂံအကြောင်း စာအုပ်တစ်အုပ် ရတဲ့အခါ ဘယ်ရက်က ရေးတာလဲ ဆိုတာ မသိသိအောင် ရှာရတယ်၊ ဘာပြုလို့လဲ ဆိုတော့ မြန်မာရှေးဟောင်းသုတေသနမှာ ပုဂံအကြောင်းရေးတဲ့ စာအုပ်ကို အသုံးပြုတယ်ဆိုရင် (၁)ဘယ်သူ ရေးတာလဲ၊ (၂)ဘယ်တုန်းက ရေးတာလဲ ဆိုတာ သိရမယ်။ မသိလို့ မဖြစ်ပါ။ ဥပမာနဲ့ ပြောပါရစေ။ ရှေးဟောင်းမြန်မာ သမိုင်းမှာ နာမည်ကြီးတဲ့ ပါမောက္ခဂျီအိပ်ချ်လု့စ် (G.H. Luce) ရေးတဲ့ ပုဂံသမိုင်းစာအုပ် ဆိုရင် ဒီစာအုပ် ကောင်းတယ် လို့ သိတယ်။ ဒါပေမဲ့ ၁၉၆၈ က ရေးပြီးတယ်ဆိုရင် အနှစ်လေးဆယ် ခေတ်နောက်ကျတယ်။ မပြည့်စုံသေးလို့ ယူဆမယ်။ သုတေသန လုပ်တဲ့သူတွေက ဘာမဆို နောက်ဆုံးအသိကိုပဲ လိုချင်တယ်။ ပြဿနာတစ်ရပ်မှာ အရင်အနှစ် ၅ဝက သိတဲ့ အဖြေထက် အခုအဖြေက ပိုပြီး ကောင်းတယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ သုတေသနဘက်က အမြဲတိုးတက်နေပါတယ် ကိုယ်ကိုယ်တိုင်လည်း ခေတ်မီအောင် အမြဲကြိုးစားရပါတယ်။ ထပ်ပြောပါရစေ။ စာအုပ်ရဲ့မွေးနေ့ကိုတော့ အမြဲ သိအောင် လုပ်ပါ။

စတိုင်သစ်၊ ၂ဝဝ၄၊ ဇွန်လ၊ ၁၆-၁၇။