ပညာအကြောင်း စာအကြောင်း ဒေါက်တာသန်းထွန်းနဲ့ တွေ့ဆုံမေးမြန်းခြင်း

 

(ရွှေကျော် တွေ့ဆုံမေးမြန်းသည်)

ရွှေကျော်။           ။ပညာရေးကိစ္စကို သိချင်တာလေးတွေ မေးချင်လို့ပါ။

သန်းထွန်း။         ။ဖြစ်ပါတယ်။ အခြေအနေအရပေါ့။ "ပြောတိုင်းလည်း မဖြစ်၊ ဖြစ်တိုင်းလည်း မပြော" ဆိုတာတွေ​ တော့ ရှိမှာပေါ့။ အပြောသက်သက်ဆိုရင်လည်း အလကားပဲ။

ရွှေကျော်။           ။အနည်းဆုံး စဉ်းစားစရာတော့ ရတာပေါ့ ဆရာကြီးရယ်၊ အလကားတော့ မဖြစ်လောက်ပါဘူး။

သန်းထွန်း။         ။ငါ မန္တလေးမှာ တစ်ဆယ့်ခုနစ်နှစ် နေခဲ့တုန်းက၊ နေ့တိုင်း လက်ဖက်ရည်ဆိုင်မှာ ခြောက်နာရီထက် မနည်း ထိုင်တယ်၊ ရောက်တတ်ရာရာ ဆွေးနွေးတယ်။

 

ရွှေကျော်။           ။အခု၊ ပညာရေးပဲ ဆွေးနွေးပါရစေ။ ဆွေးနွေးတယ်ဆိုတာတောင် ကြီးကျယ်ပါတယ် ဆရာ။ ဆရာ့ အတွေ့အကြုံနဲ့ဆရာ့ထင်မြင်ချက်တွေကို ကြားချင်တာပါ။

သန်းထွန်း။         ။ပညာရေးနဲ့ပတ်သက်လို့ မင်းစိတ်ထဲမှာ ဘာရှိလဲ၊ အဲဒါကို မင်းအရင် စပြော။

ရွှေကျော်။           ။အထူးအထွေ စဉ်းစားထားတာတော့ မရှိပါဘူးဆရာ။ ကျွန်တော့်ပတ်ဝန်းကျင်က ကလေးတွေ စာကုန်းကျက်နေတာ တွေ့တော့၊ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပဲ။ ဒီလို အလွတ်ကျက်နည်းက အကျိုးများ မများ တော့ မသိဘူး။ ကလေးတွေ အတွက်တော့ သိပ်ပင်ပန်းမှာပဲ။

သန်းထွန်း။         ။ဒီလိုဖြစ်တာ ကိုယ့်လူတစ်ယောက်တည်း မဟုတ်ပါဘူး။ ငါတို့က အိုလှပြီ၊ စာသင်ကျောင်း၊ ကောလိပ် ဆိုတာတွေနဲ့ မပတ်သက်နိုင်တော့ဘူးဆိုရင် ဖြစ်တယ်။ တကယ်ကတော့ မဖြစ်ဘူး။ ငါ့သား သမီးတွေရဲ့သားသမီး၊ ငါ့မြေး တွေက ဆယ့်တစ်တန်း၊ ဆယ့်နှစ်တန်း၊ ဆယ့်သုံးတန်းတွေ ရောက်နေကြတော့၊ သူတို့ပြဿနာဟာ ခုထိ ငါ့ပြဿနာပဲဟေ့ ကလေးတွေက သူများရေးပေးတဲ့စာကို အလွတ်ကျက်ပြီး အတန်းတက်တက်လာခဲ့တာ။

ရွှေကျော်။           ။အဖြေက ဆရာကြီး ပြောဖူးပြီးသားပါ။ ကျွန်တော် ပြန်ပြောပါ့မယ်၊ လိုတာရှိရင် ထောက်ပါ။ ကျွန် တော်တို့မြန်မာတွေ၊ ဆရာက တပည့်ကို "ဟေ့ကောင် ဒီအပိုဒ်ရရင် နောက်တစ်ပိုဒ် ထပ်ကျက်"လို့၊ နောက်က တွန်းပေးနေ တယ်။ တစ်ပိုဒ်ပြီး တစ်ပိုဒ် အလွတ်ကျက်ရုံပဲ တတ်နိုင်တယ်။ ခွဲစိတ်ပိုင်းခြားပြီး သိဖို့ ဘယ်လွယ်မလဲ။

သန်းထွန်း။         ။ဟုတ်တာပေါ့၊ ဂါထာကို အလွတ်ရလို့ နိဗ္ဗာန် ရောက်ကြောင်းတရားကို သိပြီလို့ ပြောတာ မဖြစ်ဘူး၊ မတတ်သေးဘူးလေ။ နောက်တစ်မျိုး ပြောရရင် စာရရုံပဲ၊ လက်တွေ့ မရှိလို့ ဘာမျှ မဖြစ်ကြဘူး။ စာကို အလွတ်ရရုံနဲ့ အလုပ်မဖြစ်ဘူး။

ရွှေကျော်။           ။ဆရာကြီးကလည်း ပြောရော့မယ်။ ပို့ချတာဟာ ရှင်းပြတာ မဟုတ်ဘူးလား။

သန်းထွန်း။         ။ဟုတ်ပါတယ်၊ ငါ့ဝါသနာအတိုင်း ပြောစရာကို ဝေ့ဝိုက်မနေဘဲ ပြောတာလည်း မှန်တယ်။ အလွတ် ကျက်တာရဲ့အားနည်းချက်ကို သိရဲ့သားနဲ့၊ မပြောလို့တော့ ဖြစ်မတဲ့လား။ ဒါပေမဲ့ဟေ့၊ တစ်ခါတုန်းက ဒီအလွတ်ကျက်တဲ့ စနစ်ကို တို့ ပယ်ခဲ့ဖူးတယ်။ ဘယ်တုန်းကလဲ သိလား။ ဘုန်းတော်ကြီးကျောင်းပညာရေးကို ဖယ်ပြီး၊ အတန်းကျောင်းတွေ စပေါ်တဲ့ ၁၈၂၆ ခုနှစ်လောက်ကပေါ့။ ဘာသာရပ်တစ်ခုကို သင်ဖို့ သင်ရိုးညွှန်းတမ်းနဲ့ပြဋ္ဌာန်းစာအုပ်ကို ပေးထားတယ်။ စာအုပ်ကို သင်ရိုးညွှန်းတမ်းနဲ့ညှိပြီး၊ ဆရာတွေက သင်​တယ်။ အခု ခေတ်စားတဲ့ မှတ်စုကျက်ဖြေ ဆိုတာကို လုံးဝ အားမပေးဘူး။

ရွှေကျော်။           ။ဖောက်မေးပါရစေ၊ ဆရာကြီး စာရေးနည်းပညာကို ဘယ်က ရသလဲ။

သန်းထွန်း။         ။ရှင်းလို့။ ဖတ်ပါများတော့ ရေးတတ်လာတယ်။ အကျယ်ပြောပါဦး ဆိုရင်လည်း ပြောမယ်။ တို့ အထက်တန်း(၈ တန်း ၉ တန်း ၁ဝ တန်း)ရောက်တော့ "တစ်ဆင့်ပြော" (Retold)ဆိုတဲ့စာအုပ်တွေကို အများကြီးတွေ့ပြီ။ နာမည်ကြီးစာရေးဆရာရဲ့ လူကြိုက်သိပ်များတဲ့ဝတ္ထုကို ဆယ်တန်းကျောင်းသား နားလည်ပေမယ့် အင်္ဂလိပ်စာလုံးတွေနဲ့ ရေးပေးထားတယ်။ အခုစာအုပ် ဖတ်လို့ကောင်းတယ်ဆိုရင်၊ မူရင်းကို ဆက်ဖတ်ကွယ့်လို့ အကြံပေးထားတယ်။ ဥပမာ - ဆယ်တန်းတုန်းက Charles and Mary Lamb တို့၊ အလွယ်ရေးပေးတဲ့ Tales from Shakespeare တို့ကို ဖတ်ခဲ့ပြီး ယူ နီဗာစီတီ ရောက်တော့ Cort Olamus ပြဇာတ်မူရင်းကို ဖတ်စာအဖြစ် ပြဋ္ဌာန်းတယ်။ Julius Caesar ပြဇာတ်မူရင်းကို ပြဋ္ဌာန်းတယ်။ တစ်ဖက်က Thomas Hardy ရဲ့ဝတ္ထု​တိုတွေကို ဖတ်ရတယ်။ ဒါနဲ့ ငါလည်း ဝတ္ထုတိုရေးကြည့်ချင်စိတ် ပေါက်လာတယ်။ အလွယ်ဖတ်ဝတ္ထုစာအုပ်တွေက အင်္ဂလိပ်ဝေါဟာရ ၃ဝဝဝ အောက်က စာအုပ်တွေပါ။ (Basic English က စာလုံး ၈ဝဝ-၁ဝဝဝ ကြားမှာ အကျုံးဝင်တယ်) စာအုပ်က ဖတ်ကောင်းတယ်။ စကားပြောတွေလည်း ပါတော့ အတုခိုး ပြီး ပြောလို့ရတယ်။ ပြောဖြစ်တယ်။ ရေးချင်စိတ်နဲ့ ရေးတော့ အသင့်အတင့် ရေးတတ်နေပြီ။ စာမေးပွဲအတွက် ပြင်ဆင်တဲ့ အခါမှာတော့ ပုစ္ဆာတစ်ခုကို မိနစ် ၃ဝ(နာရီဝက်အတွင်း) အချိန်ကိုက်ပြီး ရေးတတ်အောင်၊ ပုစ္ဆာဟောင်းတွေယူပြီး အချိန် နာရီကိုက်အောင်ရေးတဲ့ အကျင့်လည်း လုပ်ရတယ်။ အကျင့်မရသေးရင် စာမေးပွဲ ကျမှာပဲပေါ့။  ဒုတိယကမ္ဘာစစ်နဲ့ကြုံတဲ့ လူတွေကတော့ အချောင်အောင်ကြတယ်။ ငါပြောတာ မယုံရင် မွေးသက္ကရာဇ်နဲ့တိုက်ကြည့်ပါ။ ၁၉၂ဝ လောက်က မွေးတဲ့ လူဟာ ၁၉၄၈ ဆိုရင် အသက် ၂၈ နှစ်၊ အင်္ဂလိပ်စာရေးနည်း တတ်ပြီ။ ဒီတသက်မှာမှ ရေးနည်း မတတ်ရင်၊ ဒီလူကို ပညာ ရေးလောကမှာ ဆက်ပြီး တွေ့နေမှာ မဟုတ်ပါ။ ငွေရပေါက်နဲ့တိုးလို့ သူဌေးကြီး ဖြစ်ချင်ဖြစ်မယ်။ စာရေးနည်းပညာကို တော့ သူ့တစ်သက်မှာ တတ်မှာ မဟုတ်ပါ။ စာရေးနည်းပညာထဲမှာ ဘာသာပြန်လည်း ပါတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ရဖူးရင်၊ အဲဒီစာအုပ်ကို မြန်မာလို ပြန်ချင်စိတ် မပေါက်ဘူးလား။ အဲဒါရဲ့ပြောင်းပြန်၊ မြန် မာစာအုပ်ကောင်းကို အင်္ဂလိပ်လို မပြန်ချင်ဘူးလား။ အဲဒီစိတ်မျိုး များများထားနိုင်ရင် အင်္ဂလိပ်လိုရော၊ မြန်မာလိုပါ ရေးတတ်တဲ့ စာရေးဆရာ ဖြစ်မယ်။ စာရေးတဲ့ကျေးဇူး နောက်တစ်ခုက၊ သိတဲ့အင်္ဂလိပ်ဝေါဟာရ တိုးတိုးလာမယ်။ စာအုပ်ကောင်းတစ်ခုကို ဘာသာပြန်ထားတာ ဖြစ်လို့ ပုံနှိပ်ပေးမယ့်လူ ရှာပြီး ပုံနှိပ်ပါ။ ပုံနှိပ်ပေးမယ့်လူ မပေါ်သေးရင်၊ သည်းခံပြီး စောင့်​ရပေမယ့် စောင့်ရကျိုးနပ်မှာ ဖြစ်ပါတယ်။ ပုံနှိပ်ဖို့ နောက်ထားပြီး ရေးမြဲဆက်ရေးနေရင် တစ်နေ့အကျိုး ခံစားခွင့် ရမှာ အမှန်ပါ။ ကိုယ်ရေးတဲ့စာဟာ ပုံနှိပ်စာအုပ် ဖြစ်သွားပြီဆိုတိုင်းလည်း ငွေဝင်ပြီလို့ မဆိုနိုင်ပါ။ ဆက်လုပ်လို့ သာ အားပေးရတယ်။ ငွေမရလည်း တခြားအကျိုးခံစားခွင့် ရှိပါတယ်။ ဘာသာရပ်တစ်ခုကို စာအုပ်ရေးနိုင်တဲ့အထိ တတ် တယ်ဆိုတာ၊ နည်းတဲ့အဆင့် မဟုတ်ဘူး။ ပြီးတော့ သုတေသနလုပ်ရင် သူများ မသိတာကို ကိုယ်က သိပြီဆိုရင် စာနဲ့ရေး ပြီးမှတ်တမ်းတင်ရတယ်။ အဲဒါ မလုပ်မနေရ၊ လုပ်ရတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။

ရွှေကျော်။           ။မှတ်စုအကြောင်းကို ဆက်ပြောပါဦး ဆရာကြီး။

သန်းထွန်း။         ။ပြောပါ့မယ်။ ဒီလို သိပ်စိတ်ပျက်စရာ ကောင်းတဲ့ကိစ္စဟာ၊ ဘယ်က စသလဲလို့ရှာတော့ ငါတို့သား ဆရာဝန် ဖြစ်စေ့မယ်၊ အင်ဂျင်နီယာ ဖြစ်စေ့မယ်ဆိုတဲ့ မိဘတွေရဲ့လွဲမှားတဲ့ဆန္ဒက စပါတယ်။ ကလေးက မိဘအလိုကို လိုက်ပြီး ဆရာဝန် ဖြစ်လာတော့၊ ဆေးကုတာ စိတ်မပါဘူး ဆိုပြီး စာရေး၊ ကဗျာစပ် လုပ်လာကြတာ တွေ့ဖူးကြမှာပါ။ အကဲအပို မပြောပါ။ တစတည်း ကောက်ကိုင်ပြီး "အဲဒါကြောင့်" လို့ ပြောရင်လည်း မမှန်ပါ။ ဒုတိယကမ္ဘာစစ်ကြီးပြီးစက ပြန်လည်နေရာချထားရေး(rehabilitation) နဲ့ ပြန်လည်တည်ဆောက်ရေး (reconstruction) အတွက် မလုပ်မဖြစ်လို့ လုပ်ရတဲ့စီမံကိန်းတွေမှာ၊ ပညာရေးက ပြန်လည်နေရာချထားရေး လက်အောက်ကို ရောက်လာတယ်။ စစ်မဖြစ်ခင်က အိုင်အေ အောင်ပြီးတဲ့လူကို ဘီအေ ဝင်ဖြေခွင့်ပေးတယ်၊ ငါလည်း ပါတယ်။ ဘီအေ အောင်တယ်။ ဘီအေ ဂုဏ်ထူးဆက်​ ဖြေ၊ အမ်အေဆက်ဖြေ၊ ဘီအယ်ဆက်ဖြေနဲ့ ၁၉၄၈ က ၁၉၅၂ ဆိုရင် B.A.,B.A.(Hons), M.A., B.L. ဖြစ်နေပြီ၊ လွယ် သားပဲလို့ ပြောရမလား၊ ကံကောင်းတယ်လို့ ပြောရမလား၊ စာမေးပွဲစောင့်(ကြီးကြပ်)​သူတွေ (invigilators) က စာမေးပွဲ ခိုးချတာကို မမြင်ချင်ယောင်ဆောင်တာလည်း၊ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ စစ်မဖြစ်ခင်ကနဲ့ မတူဘူး။ စည်းကမ်း သိပ်လျော့သွားပြီ။ သင်္ချာဘာသာ ဖြေတဲ့အခါ၊ မေးခွန်းကို ကြီးကြပ်သူက ယူပြီး အပြင်ကို ပေးလိုက်တယ်။ အပြင်က တွက်ပေးပြီး ပြန်သွင်းပေးပြန်တယ်။ ဒါတွေဟာ စစ်မဖြစ်မီက ဘယ်လိုမှ သည်းမခံတဲ့ကိစ္စတွေဟာ၊ အခု စစ်ကြီးပြီးတဲ့ အခါ ဖြစ်လာတယ်။ စာဖြေသူတွေက အရင်ကလို ကျောင်းသားစစ်စစ် မဟုတ်တော့ဘူး။ စစ်အတွင်းမှာ အလုပ်မျိုးစုံ လုပ်ခဲ့ပြီး၊ အခုတက္ကသိုလ်ဘွဲ့တစ်ခု အချောင်ရတုန်း ယူလိုက်ဦးမယ်ဆိုတဲ့စိတ်ထား ရှိတယ်။ ပညာပိုင်းဆိုင်ရာ တာဝန်ရှိ တဲ့ပုဂ္ဂိုလ်တွေကလည်း၊ စစ်အတွင်း ပညာမသင်ရတာကို သနားပြီး၊ ညှာတာရမယ်လို့ သဘောထားကြတယ်။ တစ်ဖက်က စာမေးပွဲ ကျိန်းသေအောင်စေရမယ် ဆိုပြီး ကျူရှင်(tuition)တွေ ပေါ်လာတယ်။ ဒီမေးခွန်းမျိုး မေးမှာပဲ ဆိုပြီး၊ မေးခွန်း ကို ကြံဆတယ်။ ဒီလိုဖြေရင် ကျိန်းသေအောင်မယ်ဆိုပြီး အဖြေကို ရေးပေးပြီး အလွတ်ကျက်ကြတယ်။ ကျက်ချိန်မရှိလို့ ဆိုပြီး ခိုးချတယ်။ စာမေးပွဲအစောင့်ကို လာဘ်ထိုးပြီး မမြင်ချင်ယောင်ဆောင်နေခိုင်း​တယ်။ စာမေးပွဲခန်းထဲကို တိတ်တ ဆိတ်ဝင်ပြီး ထိုင်ခုံပေါ်မှာ၊ နံရံ​မှာ အဖြေတွေ ရေးထားတယ်။ အဲဒီလို မသမာတဲ့အလုပ်ကို လုပ်တဲ့သူတွေကို ခေါင်းရွက် ဗန်းနဲ့စျေးသည်တွေက ကွမ်းယာ၊ ဆေးလိပ် မီးခြစ်နဲ့ရေသန့် ရောင်းကြလို့၊ ညဘက် စာမေးပွဲအခန်းရှေ့တွေမှာ စျေးတန်း ကလေးလို စည်ကားလာတယ်။ နောက်ဆုံး လူငှားနဲ့ဖြေတဲ့အထိ ဖြစ်လာကြတယ်။ ဆယ်တန်းစာမေးပွဲမှာလည်း အောင် မှတ်အစုစု ဘယ်လောက်ရမှ ဆရာဝန်လိုင်းရမယ်။ ဘယ်လောက်ဆိုမှ အင်ဂျင်နီယာ။ အောင်ရုံလောက် ရတယ်ဆိုရင် သမိုင်း(မေဂျာ)ပေါ့ ဆိုတာမျိုး ဖြစ်လာလို့၊ သမိုင်းမှာ လူတော်တွေ ရောက်မလာကြတော့ပါ။ အဲဒီလို၊ တစ်ခုနဲ့တစ်ခု ဆက် သွယ်ပြီး အမှားတစ်ခုက အမှားတစ်ရာ ဖြစ်လာပါတယ်။ ဘွဲ့ရသူတွေ အဆမတန် များလာတာကိုပဲ ကြည့်ကြပါတော့လို့၊ ဖြေဖြေဖျောက်ဖျောက် ပြောရမလို ဖြစ်လာပါတယ်။ အဲဒီအထဲမှာ သိပ်အရေးပါတဲ့ အမှားတစ်ခုက၊ အင်္ဂလိပ်လိုသင် (English Medium of Instruction) ဆိုတာက၊ မြန်မာလို သင်ခိုင်းတယ်။ မြန်မာလိုသင်နေတာ အနှစ်သုံးဆယ်ကြာ တော့ အင်္ဂလိပ်လို ပြန်သင်လို့ ခိုင်းပြ်တယ်။ အဲဒီမှာ ပထမပြောင်းတုန်းက၊ မြန်မာလို ဖတ်စာအုပ် မရှိ၊ ဒုတိယအကြိမ် ပြောင်းတဲ့အခါ အင်္ဂလိပ်လို သင်နိုင်သူ မရှိ၊ ရှိပြန်တော့လည်း ကျောင်းသားက နားမလည် ဖြစ်ပြန်တယ်။ တခြား ဘာသာ ရပ်တွေကို ကောင်းကောင်း မသိလို့ မပြောတတ်ပါ။ သမိုင်းကိုတော့ သိတယ်။ ဥပစာတန်းအတွက် သမိုင်းစာအုပ်တစ်အုပ် ကို ငါ မြန်မာပြန်တယ်။ မြန်မာဘာသာပြန်ပြီး အဲဒီစာအုပ်အပြင် နောက်တစ်အုပ် မရှိတော့ပါ။ ဂုဏ်ထူးတန်းဆိုရင် သမိုင်းစာအုပ် အရေအတွက် ရာနဲ့ချီပြီး ဖတ်ရတော့မယ်။ မြန်မာလို ရေးထားတာ တစ်အုပ်ပဲ ရှိတယ်ဆိုလို့၊ ဘယ်မှာ ဟန် ကျနိုင်ပါတော့မလဲလို့၊ တွေးနိုင် ပြောနိုင် အပြစ်တင်နိုင်စရာ ဖြစ်လာပါတော့တယ်။ ကျောင်းသားကလည်း တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာ တင်ချိန်ကပဲ ဘွဲ့ဝတ်စုံနဲ့ဘွဲ့နှင်းသဘင်ရှေ့မှာ ဓာတ်ပုံရိုက်ပြီးကြပါပြီ။

တစ်ဖက်က ကြည့်ပြန်ရင်လည်း သင်ခန်းစာကို အလေးအနက်ထားပြီး ဆရာတွေကလည်း သင်မပေးကြတော့ပါ။ သူတို့ လည်း ကျူရှင်ဆရာ ဝိုင်းဆရာတွေ လုပ်ပြီး၊ အပြင်ဝင်ငွေ ရှာကြရတယ်။ ဘယ်ပညာဖြစ်ဖြစ် သူ့အထိုက်အလျောက် အသုံးကျတာကို ပြင်ပြီး ဆေးပညာမှ ဟန်တယ်လို့ ဆန္ဒတွေ ပြင်းပြလာလို့ မလိုလားအပ်တဲ့ဒုက္ခတွေ ကွင်းဆက်ပေါ်​ ပေါက်လာရတာ ဖြစ်တယ်။ ကဲ ဘာမေးဦးမလဲ။

ရွှေကျော်။           ။ပြောတာတွေ များလွန်း မြန်လွန်းလို့ ကျွန်တော် အကုန်လိုက်ပြီး မှတ်မရလို့၊ ဆရာပဲ ဒါတွေ ရေးပေး ပါဗျာ။

ဇန်နဝါရီ၊ ၂ဝဝ၃။

ထွေထွေ​ရာရာမြန်မာသမိုင်းစာအုပ်၊ နှာ ၂၂၄-၂၃ဝ ထိ။