မြန်မာအက္ခရာသမိုင်း နှင့် ပုဂံခေတ် မွန်စာပေရသ - ပါမောက္ခဒေါက်တာနိုင်ပန်းလှ

မှန်နန်းရာဇဝင်အရ ပုဂံပြည်ကို ခရစ်နှစ် ၉ ရာစုမှစပြီး တည်ထောင်ခဲ့ပါသည်။ သရေခေတ္တရာ ပျူနိုင်ငံပျက်ပြီးနောက် ပျူများ နေခဲ့သော ပျူရွာကို ပျူဂါမ၊ ပျူဂါမမှတစ်ဆင့် ပုဂံဟု ဆင့်ကဲဆင့်ကဲ ခေါ်ခဲ့ဟန်တူကြောင်း ဆိုကြပါသည်။ မွန်ကျောက်စာတွင် "ဗုကာမ်" ဟုခေါ်ပါသည်။ ပုဂံပြည်တွင် မင်းပေါင်းများစွာ အုပ်စိုး​ခဲ့သည့်အနက် အနော်ရထာမင်းကြီး လက်ထက်ရောက်မှ ပုဂံ တွင် စာပေအရေးအသား သာဓကများကို တွေ့ရှိရပါသည်။

ပုဂံပြည်တွင် သရေခေတ္တရာမှလာသော ပျူအက္ခရာ၊ ရခိုင်ဝေသာလီမှ လာသော နာဂရီအက္ခရာနှင့်သုဝဏ္ဏဘူမိခေါ် သထုံမှ လာသော မွန်အက္ခရာ စသည့်အက္ခရာသုံးမျိုးစလုံးကို အသုံးပြုပါသည်။ ရေးသားခဲ့သော ဘာသာများမှာ သက္ကတဘာသာ၊ ပါဠိဘာသာ၊ ပျူဘာသာနှင့်မွန်ဘာသာများ ဖြစ်ပါသည်။

 

အနော်ရထာခေတ်တွင် မြန်မာဘာသာနှင့်ရေးသားခဲ့သော စာပေအထောက်အထားကို မတွေ့ရှိရသေးပေ။ ထို့ကြောင့်ပင် အနော်ရထာခေတ်တွင် မြန်မာစကား ရှိသော်လည်း မြန်မာစာကို အက္ခရာ တင်ခဲ့သည်မှာ ယနေ့အထိ မတွေ့ရှိရသေးခြင်း ကြောင့် ထိုပုဂံခေတ်ဦးတွင် မြန်မာအက္ခရာ မရှိသေးဟုဆိုရပေမည်။ အနော်ရထာမင်းကြီး လွန်ပြီးနောက် စောလူးမင်းနှင့် ကျန်စစ်သားတို့ လက်ထက်တွင်လည်း မွန်စာအက္ခရာနှင့်မွန်ဘာသာစာပေများကိုသာ အများဆုံး စီကုံးဖွဲ့နွဲ့ခဲ့ကြပါသည်။

ကျန်စစ်သား၏သားတော် ရာဇကုမာရ်မင်းသားသည် ခရစ်နှစ် ၁၁၁၂ ခုနှစ်တွင် မြန်မာစကားကို ဗွေဆော်ဦး အက္ခရာတင်ခဲ့ပါ သည်။ မြန်မာစာကို အစကနဦး အက္ခရာတင်စဉ်က ရခိုင်မှလာသော နာဂရီအက္ခရာ၊ သရေခေတ္တရာမှလာသော ပျူအက္ခရာနှင့် ရာမညတိုင်းမှလာသော အက္ခရာ ၃ မျိုးအနက် မွန်အက္ခရာကို ကြိုက်နှစ်သက်၍ မွန်အက္ခရာကို စတင်အသုံးပြုခဲ့ဟန် တူပါ သည်။

နာဂရီအက္ခရာနှင့်ပျူအက္ခရာများသည် အကောက်အကွေး အတွန့်အတက် များပြား၍ ရေးရသည်မှာ အလွန်ခက်ပါသည်။ မွန် အက္ခရာသည်လည်း အိန္ဒိယအရှေ့တောင်ပိုင်း ပလ္လဝအက္ခရာကို အေဒီ ၆ ရာစုက စတင်ရရှိစဉ်က အကောက်အကွေ့ အတွန့်အ တက်များ ရှိခဲ့သော်လည်း နှစ်ပေါင်း ၅ဝဝ ​အတွင်းတွင် အလွန်ဝိုင်းဝန်းလာအောင် ပြုပြင်ပြောင်းလဲခဲ့သောကြောင့် ပုဂံခေတ် တွင် ရေးရလွယ်ကူသော အခြေသို့ ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။

နာဂရီအက္ခရာ၊ ပျူအက္ခရာနှင့်မွန်အက္ခရာများသည် မူလက အိန္ဒိယပြည်တွင် ဘီစီ ၃ ရာစုအတွင်း သီရိဓမ္မာသောကမင်းကြီး လက်ထက် ထွန်းကားခဲ့သည့်ဗြဟ္မီဟုခေါ်သော အက္ခရာမှ ဆင့်ကဲဆင့်ကဲ သက်ဆင်းလာခြင်း ဖြစ်ပါသည်။ ဗြဟ္မီအက္ခရာသည် အသောကမင်း လွန်ပြီး နှစ်ပေါင်းများစွာ ကြာညောင်းလာသောအခါ အိန္ဒိယပြည်မြောက်ပိုင်းနှင့်တောင်ပိုင်းဘက်သို့ ပုံစံအမျိုး မျိုး ပြောင်းလဲခဲ့ပါသည်။ ဘာသာစကား အမျိုးမျိုးကို အက္ခရာတင် ရေးသားကြရာမှ ပုံစံပြောင်းလဲခဲ့ခြင်း ဖြစ်ပါသည်။ အိန္ဒိယ ပြည်မြောက်ပိုင်းဘက်တွင် ရေးသားသော အက္ခရာများအနက် "ဂုပ္တ"အက္ခရာနှင့်နာဂရီအက္ခရာကို ထင်ထင်ရှားရှား ရေးသား ကြပါသည်။ ထိုဂုပ္တနှင့်နာဂရီအက္ခရာများသည် ရခိုင်ဝေသာလီပြည်သို့ ပုဂံခေတ် မပေါ်မီကတည်းက ရောက်ရှိခဲ့ပါသည်။ အိန္ဒိယပြည် တောင်ပိုင်းဘက်တွင်လည်း အက္ခရာမျိုးစုံ ထွန်းကားလာခဲ့ပါသည်။ ပျူအက္ခရာသည် အိန္ဒိယအနောက်တောင် ပိုင်း မင်းများကို အစွဲပြုခေါ်ခဲ့သော "ကဒမ္မ"အက္ခရာမှ သက်ဆင်းလာပြီး မွန်အက္ခရာသည် အိန္ဒိယအရှေ့တောင်ပိုင်း မင်းများ ကို အစွဲပြုခေါ်သော "ပလ္လဝ"အက္ခရာမှ ရရှိလာပါသည်။

အိန္ဒိယအနောက်တောင်ပိုင်းတွင် ထွန်းကားခဲ့သော "ကဒမ္မ"နှင့်အရှေ့တောင်ပိုင်းမှာ ထွန်းကားခဲ့သော "ပလ္လ​ဝ"စသည့်အက္ခ ရာများကို စုပေါင်းပြီး "တေလုဂု"ဘာသာနှင့်"ကနာရီ(စ်) "ဘာသာစကားများကို အစွဲပြုပြီး တေလုဂု ကနာရီ(စ်)အက္ခရာ ဟုလည်း ခေါ်ပါသည်။

ပုဂံပြည်ကို အုပ်စိုးခဲ့သော မြန်မာဘုရင်များသည် မြန်မာစာကို မရေးသားနိုင်ခင်က မွန်စာကို အများဆုံး သုံးခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းက-

"နောက်မှ မြန်မာနိုင်ငံတွင်းသို့ ရောက်လာသော မြန်မာက ယဉ်ကျေးမှုအရာတွင် မွန်ကို ဆရာတင်ခဲ့ပါသည်။ ယဉ်ကျေးမှု အရာတွင် မွန်က မြန်မာထက် အနည်းဆုံး အနှစ် ၁​ဝဝဝ စောသည်ကို သတိပြုကြစေလိုပါသည်"ဟု သူ့ရဲ့ ခေတ်ဟောင်းမြန်မာ ရာဇဝင် စာမျက်နှာ ၉၄-၉၇ တွင် ဖော်ပြထားပါသည်။

လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခဒေါက်တာလှဘေ၊ မန်းတက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါ်သန်းဆွေ စသည့်မြန်မာ ပညာရှင်များကလည်း-

"မြန်မာတို့သည် ၁၁ ရာစုတွင် မွန်တို့ထံမှ အက္ခရာများကို လက်ခံခဲ့ပြီး မြန်မာဘာသာကို အက္ခရာတင်ကြသည်"ဟု စာအုပ် စာတမ်းများတွင် ဖော်ပြခဲ့ပါသည်။

အထူးခြားဆုံးအချက်မှာ မြန်မာဘုရင် ကျန်စစ်သား၏မွန်စာပေများပင် ဖြစ်ပါသည်။ မွန်အက္ခရာစာပေသည် ကျန်စစ်သားမင်း မတိုင်မီ နှစ်ပေါင်း ၅ဝဝ မှစပြီး ရေးခဲ့သော မွန်စာပေနှင့်ကျန်စစ်သားလွန်ပြီး နှစ်ပေါင်း ၅ဝဝ အတွင်း ရေးခဲ့သမျှ မွန်စာပေများသည် အထက်တန်းကျသော ကျန်စစ်သား၏မွန်စာပေလောက် အဆင့်မမြင့်ပေ။ ဤအရာသည် ထူးခြားလှပေသည်။ ကျန်စစ်သား၏မွန်စာပေများသည် စာပေရသနှင့် ပြည့်ဝလှပေသည်။ စကားပြေနှင့်ရေးသားသော်လည်း တင်စားခဲ့​သော ဥပမာ၊ ဥပစာ အနှိုင်းဝိသေသ အဆင်တန်ဆာများသည် ပြောင်မြောက် ပြည့်စုံလွန်း၍ ကဗျာလင်္ကာများကို ဖတ်ရသည့်အလား စာပေအရသာ ဂုဏ်အင်္ဂါ အရည်အချင်းများနှင့်ဝေဆာနေသော ပုဂံခေတ်တွင် မြန်မာဘုရင် များ၏အားပေးချီးမြှောက်မှုကြောင့် ပုဂံခေတ် မွန်စာပေယဉ်ကျေးမှုသည် အလွန်လှပနုထွတ်ပြီး မွှေးကြိုင်ပျံ့သင်းသော ပန်းဥယျာဉ်ပမာ ခံ့ညား ထည်ဝါ ခဲ့ပါသည်။

ဤအရာများသည် ပုဂံခေတ်က မွန်နှင့်မြန်မာတို့၏ပူးပေါင်းညီညွှတ်မှု ရလဒ်တစ်ခုဟု စာရေးသူ ထင်ပါသည်။ မွန်ကို အချစ်ပွားသော ကျန်စစ်သားဘုရင်သည် မွန်စာကို အဆင့်အမြင့်မားဆုံး ရေးသားခဲ့သော စာများအနက် ညောင်ဦး ရွှေစည်းခုံဘုရား မွန်ကျောက်စာတွင် ဥပမာ၊ ဥပစာများနှင့်နှိုင်းယှဉ်တန်ဆာဆင်ကာ အမျိုးမျိုးအဖုံဖုံ ဖွဲ့နွဲ့စီကုံး ထုံးဖွဲ့သည်မှာ စံထားလောက်ပေသည်။

ယင်းကျောက်စာကို အနည်းငယ် ဖော်ပြရလျှင်-

"ယင်ရုံဝတ်ညး မစာက် နောရ်ညး ရုံလောသ်ဂုံလောင်၊ နပုန်အာရ်တိရ်တူယ်နမေယ်တြိစိတ် မဒမသ်တေယ်၊ သ္မိင်သဇိတ်ဒု ဩလ်၊ ယင်သိရ်မောရ်ညး မအဇေယ်ပုမသ်ဂုံလောင်၊ နပုန်အာရ် တိရ်တူယ်၊ နကရုဏာ၊ မဒမသ်ဉာဏ်၊ သကြာတ်ဒုဩလ်"

အဓိပ္ပါယ်မှာ-

"ချစ်သူအပေါင်းမှ ကွဲကွာကုန်သော သူတို့၏ မျက်ရည်ကို အကျိုးစီးပွား ချမ်းသာခြင်းဖြင့် လက်နှင့်တူသော မေတ္တာစိတ်ဖြင့် ကျန်စစ်သားမင်း သည် သုတ်ပစ်ပေးလိမ့်မည်။ စိတ်နှလုံး ပူဆွေးသောသူတို့၏နှပ်ရည်ကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့် ရေနှင့်တူသော ကရုဏာစိတ်ဖြင့် ကျန်စစ်သားမင်းသည် ဆေးကြောပစ်လတ္တံ့၊ ဂြီတြိဘုဝနာဒိတျဓမ္မရာဇဘွဲ့ခံ ကျန်စစ်သားမင်း ကြီးသည် ပြည်သူအပေါင်းတို့အား လက်ျာလက်ဖြင့် ထမင်းမုန့်ပေး၍ လက်ဝဲလက်ဖြင့် ပစ္စည်းဥစ္စာ အဝတ်ပုဆိုးများ ပေးကမ်းသဖြင့် ပြည်သူတို့သည် အမိရင်ခွင်မှာနေရသော သားငယ်ပမာ ချမ်းသာ သုခနှင့်ပြည့်ဝကြစေရန် အခါခပ်သိမ်း စောင့်ထိန်းလတ္တံ့၊ သီလရှိသော တရား၏ရထားအထိန်းဖြစ်သော မဟာထေရ် ရှင်အရဟန်၏မျက်မှောက် တွင် အရှင်နှင့်အတူ ငါသည် မြတ်စွာဘုရား အရှင်သခင်၏သာသနာတော်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောသုတ်သင်ပေးအံ့ဟု အဓိဋ္ဌာန် ပြုပြီး သင်တို့ ကောင်းမှုပြုကြလော့၊ သင်တို့ ကောင်းမှုပြုကြလော့"

စသည်ဖြင့် ရေးသားထားခဲ့သော ပုဂံခေတ် မြန်မာဘုရင် ကျန်စစ်သားမင်း၏မွန်စာပေများသည် စာပေရသနှင့်အလွန်ပြည့်စုံလှပေသည်။

မော်လမြိုင်ကောလိပ်မဂ္ဂဇင်း၊ ၁၉၇၈-၇၉။