လင်းဇင်းဆည်

စလင်းမြို့တည်

အထက်ဆီသို့

အလည်တခေါက်၊ ငါရောက်ခဲ့ပြီ။


စလင်းမြို့မှ

အနောက်စူးစူး၊ ခြေဦးလှည့်ကာ

ထွက်ခဲ့ပါ၏၊ တမာပွင့်ဆန်း

ထနောင်းတန်းနှင့်၊ ထန်းတောညိုညို

မြရောင်စိုနှင့်၊ ရှေးအိုဘုရား

စေတီများနှင့်၊ လယ်များယာများ

"ပေါင်းချောင်း"တံတားနှင့်

ဆည်များချောင်းများ

ကွေ့ပတ်လျားနှင့်၊ ထင်းသွားခွေသူ

မြောင်းဖောက်သူနှင့်၊ နွားချူဆွဲသံံ

တညံညံနှင့်၊ ငှက်သံချိုလွင်

တယဉ်ယဉ်နှင့်၊ စိမ်းလွင်တောတန်း

သဲဖွေးလမ်းသည်

မျှော်မှန်းရှေ့ဆီ "လင်းဇင်း"ဆည်သို့။


အံ့မခန်းသည်

"လင်းဇင်း"ဆည်ကား၊ ပြုံးရည်ချိုဆမ်း

ငါလာလမ်းကို၊ ပန်းမွေ့ရာခင်း

ကြိုဆိုခြင်းသို့

အဆင်းကျက်သရေ၊ တည်ဣန္ဒြေနှင့်။


လင်းဇင်းဆည်မှ

ဖြန့်ဝေငှသည့်၊ ကြည်မြရေချို

စမ်းချောင်းအိုသည်၊ ရွာကိုလည်း ခွေ

တောကိုခွေ၍၊ စွေစွေညံ့သက်

စီးဆင်းလျက်နှင့်၊ ကိုင်းထက်ယာခွင်

ကွင်းမြေပြင်သို့၊ သူ့အင်သူ့အား

စွမ်းပကားနှင့်၊ အများပြည်သူ

သောက်သုံးယူစေ

ဖြည့်ကူပံ့ပိုးနေသတည်း။ ။

ဖျာပုံ-နီလုံဦး

စာပေလုပ်သားမဂ္ဂဇင်း၊ ၁၉၈၂ ခုနှစ်၊ နိုဝင်ဘာလ၊ အမှတ် ၁၉၊ နှာ ၇၁။

နွေရက်တွင် သာမိုင်းခမ်းသို့

သာစည်အထွက်

လှိုင်းတက်ကစ၊ အေးမြလေတိုး

သိုးမွေးထည်ထုတ်၊ ဆွယ်တာထပ်ဆင်

ရှုမြင်ကွင်းများ၊ ခြားနားသွားပြီ

မီးရထားခုတ်သံ၊ တောင်နံရံနှင့်

ပဲ့တင်ဆင့်၍၊ အကွေ့အကောက်

ပြတင်းပေါက်ဘေး၊ တွေ့ရာငေးမော

ထင်းရှူးမွှေးနံ့၊ လွှင့်ပျံ့ဝေရီ

မြေနီဝင်းပ၊ ရွှန်းမြစိမ်းရွက်

ကိုင်းခက်မျှင်ပါး၊ တံခါးလာပွတ်

တံတားဖြတ်ကျော်၊ အပေါ်မှ ငုံ့ကြည့်

တည့်တည့်အောက်မှာ၊ ကျောက်ခဲရွရွ

ဖြူပြာလုံးကြွ၊ မြင်ရ ရေတွင်

ကြည်လင် စမ်းတိမ်၊ ဖြတ်သန်းစီးရစ်

နေရောင်အသစ်၊ ကောင်းကင်အသစ်

မူးယစ်ရပါသော ရှမ်းခရီးသည်။


ဆွယ်တာကြယ်စေ့

ပို၍ကျပ်ယင်း၊ အဆင်းအတက်

လွန်းထိုးယှက်၍၊ အကွေ့တထောင်

တောင်တခြမ်းလင်း၊ တောင်တခြမ်းမှောင်ရိပ်

နေရောင်ဝင်းက၊ အစင်းအစင်း

အကွင်းအတန်း၊ တောင်ခါးပန်းထင်

စိန်ပန်းနီ စိန်ပန်းပြာ၊ ခရမ်းပြာနု

ငုဝါငုစပ်၊ ရွက်ဖတ်စိမ်းလွင်

နီးလျှင်နုပါး၊ ဝေးကား မှိုင်းရင့်

အဆင့်ဆင့် စိမ်းရောင်ပြေး။


ခွေးရုပ်ဘူတာ

အတော်ကြာရပ်၊ အာလူးကပ်တလက်

ပူနွေးကျွတ်အား၊ မတ်တပ်ရပ်စား

ရထားအထွက်၊ အပြေးလုတက်

ဥမင်လိုဏ်ဆီ၊ ဝင်ရသည်တွင်

တရွှီရွှီသံ၊ လက်ခေါက်မှုတ်သံ

အော်သံ ဟေးသံ၊ ဆူညံမှောင်ထဲ

သဲသဲမဲမဲ၊ ပိန်းပိတ်ဆဲမှာ

အလင်းရောင်မှန်ကွဲ၊ ဘွားကနဲ ပြူလက်

ဂျုံးဂျုံးဂျက်ဂျက်၊ ဆက်၍မောင်းလာ

ပျော်စရာပင်၊ ဆင်တောင်ကျော်လျှင်

မြေပြင်မြင့်လာ၊ မြေရောင်နီလာ

သစ်တောနက်လာ၊ အအေးစူးလာ

ထင်းရှူးရနံ့၊ သင်းပျံ့ရီယစ်

ကလောအဝင် စိတ်လှုပ်ရှားမှု အသစ်။


ခြူသံတချွင်ချွင်

မြင်းလှည်းနှင်ရာ၊ လာခဲ့ခါလျှင်

ဝဲယာကြည့်မြင်၊ အယင်တခေါက်

ရောက်စဉ်နှင့်ခြား၊ ထင်းရှူးပင်များ

ပါး၍ကျဲနေ၊ တည်းခိုနားရာ

ဗိုလ်ကုန်းသာမှ၊ မျှော်ရာရှုခင်း

ထင်းရှူးချွန်မြ၊ ရွက်မျှင်ကြားမှ

မမြင်ရတော့၊ ရွှေဥမင်ဘုရား

ထုံးဖြူဖြူများ၊ ထင်ရှားတွေ့နေ

ထင်းရှူးပင်များ၊ ဆင်သထားသော

ကလောအလှ၊ သင်္ကေတ၊ လျော့ပါးရဟု

ဝမ်းနည်းသလို ခံစားရ။


ကလော အောင်ပန်း

လမ်းတလျှောက် တောင်စောင်း၊ လဲလျောင်းထင်းရှူးပင်

မြေတွင် ငြိမ်သက်၊ တုံးလုံးပက်လက်

လှဲထားလျက် တွေ့ရ။


အောင်ပန်းမှထွက်

ပင်းတယလမ်း၊ ဖြတ်သန်းခဲ့ရာ

စိမ်းပြာ ညိုမှောင်၊ ကဆုန်တောင်ရှိရာ

မျှော်ကာတမ်းတ၊ မွေးနေ့တရက်

တောင်တက်စဉ်က၊ အမှတ်တရ

လက်ဆောင်ရသော၊ သစ်ခွခရမ်းပြာနု

အိမ်မှာဆွဲထား၊ မော ကိုယ်စားပြု

ပျိုနုလန်းသစ်၊ တနှစ်ကြာမှ

သူခိုး ခိုးခံရ၊ အလှ စိတ္တဇ

သက်သာစတွင်၊ သစ်ခွ​အဝါ

အဝါရင့် အဝါနု၊ ဝန်းစုပွင့်ခိုင်

ဆိုင်၍ပွင့်ခက်၊ လက်ဆောင်ရပြန်

သစ်ခွပန်းများ တဝေဝေ။


တောင်ပို့ကြီးရွာ

စိမ်းနက်ပြာလမ်း၊ တောင်တန်းကမ်းခြေ

လှေဖြင့်လှော်လာ၊ ရေမှော်ခွင်းလျက်

အင်းတိမ် ချောင်းထိပ်၊ စျေးဆိပ်စည်ကား

ဝန်တင်နွားအုပ်၊ ခြူလှုပ်သွားနေ

အင်းတိမ်ဘုရား၊ ​ရှည်လျားတန်ဆောင်း

ရွှေဥဒေါင်းတောင်ခြေ၊ စေတီဆူဆူ

ထုံးဖြူဖွေးဖွေး၊ ပင့်ကူမြှေးယှက်

ရှေးဟောင်းပုထိုး၊ ခြုံမိုးဂူထွတ်

ရစ်ပတ်တွယ်တက်၊ ပျက်ပြယ် ဟင်္သာပြဒါး

ကွက်ကြားရွှေအို၊ မဲညို ကြာလန်

လဲလျောင်းစံပယ်၊ ပုဂံနဂရ

သတိရမိ၊ ရှေးတခါက

မြို့ပြတည်ထား၊ ထွန်းကားလေဖူး

စိတ်ကူး လှုပ်ရှားနေမိသည်။


နမ့်ပန်စျေးကား

လှေများ ထူထပ်၊ သွပ်မိုးလက်လက်

ဆိုင်ထွက် စည်ကား၊ တိုးကြိတ်သွားလာ

ပစ္စည်းများစုံ၊၊ ကုန်စိမ်းကုန်ချော

တောကုန် မြို့ကုန်၊ အပုံထဲမှ

အင်းလေးပြေက၊ ရွှံ့တေလက်လုပ်

စဉ့်ခွက်တခွက် ဝယ်ခဲ့သည်။


ဖောင်တော်ဦးတွင်

ဝက်သားချဉ်ထမင်း၊ သားရေပွကြော် စားယင်း

နားနေ နားခိုက်၊ ဓာတ်ပုံရိုက်ကြ

မိုးတပြိုက်ရွာ၊ နေရောင်စိမ်းပြာ

ရေလွှာနက်ပြာ၊ စက်လှေဦးမော့

ဖော့ဖော့ရွရွ၊ ဖွဖွပေါ့ပြေး

လှိုင်းဂယက်ဖွေး၊ ရေစက်ထိစင်

ပျော်ရွှင်စရာ အင်းလေးလမ်း။


အင်းမှပြန်လာ

သာမိုင်းခမ်းမြေ၊ ရောက်ရပြီလေ

နွေ​ရက်ရောက်လျှင်၊ ခရီးပြင်မိ

မြို့တွင်နေသူ၊ နေမင်းကပူ

အုတ်နံရံက ပူ၊ ပလက်ဖောင်းက ပူ

ယခုမူကား၊ အပူမရှိ

ပကတိလွတ်လပ်၊ ငြိမ်းချမ်းရပ်မြေ

ထင်းရှူးစိမ်းမြ၊ သစ်ခွတွဲလဲ

ချိတ်ဆွဲအိမ်တံစက်မြိတ်၊ ဝါရိပ်ပြာရိပ်

တောရိပ် တောင်ရိပ်၊ သစ်ရိပ် ဝါးရိပ်

စိတ်ထားဖြူစင်၊ ကြင်နာရိုးသား

လူများအကြား၊ သွားကာလာကာ

စျေးနေ့တခါ၊ ဝယ်ကာ ခြမ်းကာ

စိမ်းလန်းလတ်ဆတ်၊ နုဖတ်မွှေးထုံ

ပျားအုံသစ်မှ၊ ပျားရည်ညှစ်ချ၊ ဝယ်ယူကြ

ရွှင်ပျချမ်းသာ၊ နွေလရောက်တိုင်း

သာမိုင်းခမ်းဝယ်၊ လည်ပတ်ပြီးသော်

တပ်ခေါက်၍ပြန်၊ ရန်ကုန်အသွား

ရထားထိုင်ခုံ၊ ပန်းခိုင်တွဲလောင်း

မဆံ့မပြဲ၊ ဝါးခြင်းထဲမှ

ထွက်ရိုးတံ၊ ထိုးထောင် ကြိုးပြတ်

ယိမ်းလှုပ်သောခါ၊ ပါးကိုလာထိ

အခက်ကငြိ၊ အရွက်က ကလိ

ယားကျိလန့်နိုး၊ မိုးလင်းပြီလား

သာစည်ကတည်းက၊ လေက ပူနွေး

ချွေးစီးအိုက်ချိန်၊ အိမ်အပြန်လမ်း၊

သစ်ခွပန်းတွေ တပွေ့တပိုက်။


တခါတလေ

နွေမှဆုတ်ခွာ၊ သက်သာရာရ

နွေလကုန်လျှင်၊ မိုးဝင်ချေမည်

ပြန်လည်ပျိုမြစ်၊ ဖူးသစ် အားကျွမ်း

လန်းဆန်းရွှန်းနုနေရမည် မဟုတ်ပါလား။ ။

ဒဂုန်တာရာ

ရှုမဝရုပ်စုံမဂ္ဂဇင်း၊ ၁၉၈၂ ခုနှစ်၊ ဇူလိုင်လ၊ အတွဲ ၃၆၊ အမှတ် ၄၂၂၊ ၇၆-၇၈ ထိ။

အင်းလေး အရုဏ်ဦး

အင်းလေးကန်ရိပ်

ဆိတ်ငြိမ်ကဲစွ၊ ချုပ်ညလွန်မြောက်

မိုးအသောက်၌၊ ဝမ်းမြောက်ဖွယ်ဆုံ

ကြုံတောင့်ကြုံဖူး၊ အရုဏ်ဦးတည့်

ထူးခြားလှပ အိပ်ရာထ။


အရှေ့ကောင်းကင်

ပြာလွင်တောင်တန်း၊ မြူသန်းအုံ့ပျ

ဆွတ်လွတိမ်လိပ်၊ ဆီးပိတ်သည်ကြား

ဘွားခနဲလု၊ ရောင်ခြည်ဥပြီ

အနုမောဒနာ ပြုစရာ။


သဒ္ဓါညတ်ဝေ

မြေကိုထွန်းလင်း၊ 'နေ့'ဆက်နှင်းမည့်

နေမင်း၏တမန်၊ အရုဏ်ယံ၌

စိတ်သန်ပျူငှာ၊ ညွတ်နူးစွာဖြင့်

သာဓုဆိုမိ၊ ရွှန်းပီတိ။

ညွန့်ဝေ(ကသာ)

စန္ဒာမဂ္ဂဇင်း၊ ၁၉၈၉၊ ဇွန်၊ မှတ် ၂၃၅။

နမ့်ပန်ယွန်းကား တသွင်သွင် - ညီညီ(ဘော်တွင်း)

eBook file size: 96.6 KB
ebook pages: 2
Publication: ၁၉၇၈ ခုနှစ်၊ မတ်လ ထုတ် ကျောက်မဲမြို့ အမှတ် ၁ အစိုးရအထက်တန်းကျောင်း ငွေရတုမဂ္ဂဇင်းတွင် ပါသော ဆောင်းပါး ဖြစ်ပါသည်။


Download



Related Articles




အိမ်ရှင်ဓနု နှင့် ဧည့်သည်ကျွန်တော် - ဒါရိုက်တာမြင့်မောင်

eBook file size: 91.2 KB
ebook pages: 4
Publication: ၁၉၈၂ ခုနှစ်၊ နိုဝင်ဘာလ၊ အမှတ် ၁၉ ထုတ် စာပေလုပ်သား မဂ္ဂဇင်းတွင် ပါသော ဓနုလူမျိုး တိုင်းရင်းသားတို့၏ ဓလေ့ အခေါ်အဝေါ်များကို တင်ပြထားသော ဆောင်းပါး ဖြစ်ပါသည်။


Download



Related Articles


ချစ်တဲ့သူ ပျို့မောင်ထွေး - ဒါရိုက်တာမြင့်မောင်

တောင်ရိုးဓနုတို့ရဲ့သစ္စာထားကဗျာများ - ဝင်းအောင်(အောင်ပန်း)

တောင်ရိုးတို့ ပျော်တဲ့ပွဲ - လေးမြင့်

လူသိနည်းသော တောင်ရိုးများ - ဒေါ်ရီကြိန်

နတ်ထိပ်တောင်ပေါ်က ကလေးကဗျာ - ဝင်းအောင် (အောင်ပန်း)